DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်ကျေးရွာများကို စစ်တပ်ကဗုံးကြဲ၊ ခရစ်ယာန်ဓမ္မဆရာနှင့် ကလေးများအပါအဝင် ၁၂ ဦး သေဆုံး
DVB
·
April 11, 2025
ချင်းပြည်နယ်ကျေးရွာများကို စစ်တပ်ကဗုံးကြဲ၊ ခရစ်ယာန်ဓမ္မဆရာနှင့် ကလေးများအပါအဝင် ၁၂ ဦး သေဆုံး
1 / 8
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ တီးတိန်မြို့နယ်တွေရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၉ ရက်ညပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ခရစ်ယာန်ဓမ္မဆရာ တယောက်နဲ့ ကလေး သူငယ်တွေအပါအဝင် ပြည်သူ ၁၂ ယောက်လောက် သေဆုံးကာ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ည ၉ နာရီလောက်မှာ မင်းတပ်မြို့နယ်ထဲက ဖွီရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးရှေ့ဆင့်နောက်ဆင့် ကြဲတယ်။ ည ၁၂ နာရီလောက်မှာတော့ တီးတိန်မြို့နယ်ထဲက ဆိုင်းဇံရွာကိုဗုံးထပ်ကြဲပြန်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာတွေကြောင့် အဆိုပါကျေးရွာတွေမှာ ရှိကြတဲ့ ခရစ်ယာန်ဓမ္မဆရာ တယောက်နဲ့ ကလေးသူငယ် ၂ ယောက်အပါအဝင် ပြည်သူ ၁၂ ယောက် သေဆုံးခဲ့သလို လူနေအိမ် အလုံး ၂၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ​ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က “ပြည်သူကိုပစ်မှတ်ထားပြီး ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေထဲကိုကြဲတာဆိုတော့ ထိခိုက်သေဆုံးခဲ့ကြရတာက ပြည်သူတွေပါပဲ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမပါသလို အဲ့ဒိရွာတွေဘက်မှာလည်း တိုက်ပွဲတွေဖြစ်မနေပါဘူး။ သေဆုံးသွားကြတာကတော့ ဖွီရွာက ခရစ်ယာန်ဓမ္မအမှုတော်ဆောင် တယောက်၊ အဲ့ဒိရွာကပဲ ကျန်တဲ့မိသားစုဝင် ၅ ယောက်လည်းဆုံးသွားပါတယ်။ ဆိုင်းဇံရွာကတော့ အသက်မပြည့်တဲ့ ၈ လသားကလေးငယ်လေး အပါအဝင် ကလေး၂ ယောက်နဲ့ မိသားစုဝင် ၆ ယောက်ဆိုတော့ စုစုပေါင်းအားလုံး ၁၂ ယောက်ပါ။ တခြားဒဏ်ရာရသူတွေလည်းရှိသေးတယ်။ ပျက်စီးတဲ့အိမ်အရေအတွက်ကတော့ ၂ ရွာပေါင်း အိမ်ခြေ ၂၀ ဝန်းကျင်ရှိပါတယ်”လို့ ပြောပါတယ်။

မင်းတပ်မြို့နဲ့ ဖလမ်းမြို့တွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့ပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီတပ်ဟာစစ်ရေးနဲ့မသက်ဆိုင် ပြည်သူတွေ နေထိုင်ရာကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်မှုတွေနဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကို ဆက်တိုက် ပြုလုပ်နေတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ကျေးရွာတွေမှာနေကြတဲ့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ တပ်ရဲ့ နောက်တကြိမ်လေကြောင်းတိုက်ခိုက်လာမှာ ကိုစိုးရိမ်ကြတဲ့အတွက် နေအိမ်တွေစွန့်ခွာပြီး တောတောင်တွေအတွင်း ထွက်ပြေးနေကြတဲ့အတွက် ကူညီဆောင်ရွက်ပေးနေကြရတယ်လို့  ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013