DVB Logo
Home
မြန်မာသတင်း
နတ်မောက်နှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရ 
DVB
·
April 11, 2025
နတ်မောက်နှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရ 
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး တချို့ သေဆုံးဒဏ်ရာရရှိခဲ့ကြသလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဧပြီ ၁၀ ရက် မနက်စော ၃ နာရီဝန်းကျင်မှာ နတ်မောက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ နတ်မောက်မြို့နားအထိကပ်လာပြီး မြို့ရဲ့တောင်ဘက်ရှိ စစ်သား၊ ရဲနဲ့ ပျူတွေဂိတ်ဖွင့်ပြီး ကားသမားတွေဆီကနေ ပိုက်ဆံတောင်းစားနေတဲ့နေရာအနီ ပေ ၁၅၀ လောက်အထိကပ်ပြီး ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

နတ်မောက် ပကဖ တာဝန်ခံ ကိုအဆိပ်သီးက  “ဝင်ပစ်တဲ့အချိန်က မနက်အစောကြီး ဖြစ်နေတော့ သူတို့ဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို တန်းမသိခဲ့ရဘူး။ မိုးလင်းတော့မှ ၅ ယောက် သေပြီးတော့ ၇ ယောက် ၈ ယောက်လောက်ဒဏ်ရာရတယ်ဆိုတာ မြို့ပေါ်သတင်းပေးတွေဆီက တဆင့်သိရတာ” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို နတ်မောက် ပကဖ နဲ့ People's Defense Organization - Natmauk တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၉ ရက် မနက် ၇ နာရီဝန်းကျင်ကလည်း မြိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့-မြိုင် ဆီကနေ သိရပါတယ်။

ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့-မြိုင်ရဲ့ တာဝန်ခံ ဗိုလ်မီးပွားက “မြိုင် တောင်ဘက် ၄ မိုင်လောက်မှာရှိတဲ့ စက်မှု ၂ ထဲမှာ စစ်သား၊ ရဲနဲ့ ပျူ ၁၀၀ လောက် တပ်စွဲနေတယ်။ အဲ့ထဲကကောင်တွေက မနက်တိုင်း ဆိုင်ကယ်တွေ နဲ့ အပြင်ထွက်နေကြလို့ သတင်းရလို့ စက်မှု ၂ နဲ့ ကိုက် ၅၀၀ ကနေ ကြိုစောင့်ခဲ့တာ။ အဲ့ဒိနေ့က စစ်သား ၆ ယောက် ထွက်လာကြတာကို မြင်လို့ပစ်ခတ်ခဲ့တာ။ တယောက်ကတော့ အဲ့နေရာမှာသေတယ်။ ဒဏ်ရာရတဲ့ ၂ ယောက်ရယ် ကျန်တဲ့ ၃ ယောက်ရယ်က သူတို့နေတဲ့ စက်မှု ၂ ထဲဝင်ပြေးသွားကြပြီးတော့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်ထုတယ်။ ကျနော်တို့ရဲဘော်တွေကလည်း သေတဲ့ကောင်ဆီက လက်နက်ခဲယမ်းတွေကောက်ပြီး ပြန်ဆုတ်လာခဲ့ကြတာ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိခဲ့ဘူး”လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၊ မြိုင် ပကဖ၊ ကိုမုဆိုးအဖွဲ့၊ ကိုစတီး အဖွဲ့၊ ကိုကင်းအဖွဲ့၊ ဓားမင်းကြီးတပ်ဖွဲ့နဲ့ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစုတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒိတိုက်ခိုက်မှုကနေ MA3 သေနက် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ၅ ဒသမ ၅၆ ကျည် ၁၀၀ ကျော်သိမ်းဆည်းရရှိခဲ့ပါတယ်။

မကွေးတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ လက်အောက်ခံတွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့ တိုက်တွန်းထားတယ်လို့ မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေသိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013