
ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံနယ်စပ်က ဂိုလော့ခ်မြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကို မလေးရှားစစ်တပ်က ဖမ်းဆီးလိုက်တဲ့အကြောင်း The Star Daily သတင်းမှာ ဧပြီ ၉ ရက်က ဖော်ပြပါတယ်။
မလေးရှား အမှတ် ၂ ခြေမြန်တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သူတို့အဖွဲ့ဟာ နယ်မြေခံတပ် မဟာ ၈ ခြေလျင်တပ်ရင်းနယ်မြေထဲမှာ ပုံမှန်လှည့်ကင်းဆောင်ရွက်ချိန် ညပိုင်း ၁၀ နာရီခွဲလောက်မှာ မသင်္ကာဖွယ် တွေ့ရှိခဲ့ရာကနေ ခုလိုဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
အသက် ၂၅ နှစ်ကနေ ၇၃ နှစ်ကြားအရွယ် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက် ပါဝင်တဲ့ သူတို့အဖွဲ့ကို ဖမ်းဆီးချိန်မှာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ လျင်မြန်စွာ ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့အားလုံးမှာ တရားဝင် သက်သေခံစာရွက်စာတမ်းတွေ တစုံတရာ မပါဝင်ကြဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ကနဦး စစ်ဆေးမှုတွေအရ သူတို့အုပ်စုဟာ မလေးရှားနိုင်ငံမှာ ၅ နှစ်ကနေ ၉ နှစ်ကြာ တရားမဝင် နေထိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ပြန်ဖို့အတွက် ထိုင်းလူကုန်ကူးသူတယောက်ရဲ့ အကူအညီနဲ့ ကြိုးစားခဲ့ကြတာလို့ ဆိုပါတယ်။
လတ်တလောမှာတော့ မလေးရှားအာဏာပိုင်တွေက သူတို့ဆီကနေ မလေးရှားရင်းဂစ် ၁၆,၀၀၀ ကျော် တန်ကြေးရှိတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို သိမ်းဆည်းခဲ့သလို သူတို့ကို တာနာမေရာခရိုင် ရဲတပ်ဖွဲ့ဌာနချုပ်ဆီ လွှဲပြောင်းပေးခဲ့ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: The Star Daily