
ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်း၊ ကရုံဖရာ့စီဟာနုပြည်နယ်ရှိ ရင်မ်ဆိပ်ကမ်းမှာ တရုတ်-ကမ္ဘောဒီးယား ပူးတွဲထောက်ပံ့ရေးနဲ့ လေ့ကျင့်ရေးစင်တာတခုကို စတင်ဖွင့်လှစ်ထားပါတယ်။
နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အရှိန်အဟုန်သစ်တွေ အားသစ်လောင်း ဖြည့်သွင်းလိုက်တာလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၉ ရက်မှာ ပြောလိုက်ပါတယ်။
ဒီစင်တာကို ပြီးခဲ့တဲ့ စနေနေ့မှာ တရားဝင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်လှစ်တဲ့အခမ်းအနားကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနဲ့အတူ တရုတ်နဲ့ ကမ္ဘောဒီးယား စစ်တပ်တွေဟာ ရွှေနဂါး ၂၀၂၅ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဌာနထဲမှာ လေ့ကျင့်ခဲ့ပါတယ်။
ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်းဂံက ရင်မ်ဆိပ်ကမ်းမှာ တရုတ်-ကမ္ဘောဒီးယား ပူးတွဲ ထောက်ပံ့ရေးနဲ့ လေ့ကျင့်ရေးစင်တာကို တည်ဆောက်ခြင်းဟာ နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားမှုနဲ့ တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးမှုရဲ့ ရလဒ်လို့ ပြောပါတယ်။
နှစ်နိုင်ငံ ပြည်တွင်းဥပဒေတွေ၊ သက်ဆိုင်ရာ နိုင်ငံတကာဥပဒေတွေနဲ့ ကမ္ဘာ့ကျင့်ထုံးတွေကို လိုက်နာပြီး အရှိန်အဟုန်သစ်ကို မြှင့်တင်ရင်း နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေတယ်လို့လည်း သူကပြောပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ကာကွယ်ရေးစွမ်းရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ဖို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ ဝန်ထမ်းလေ့ကျင့်ရေးနဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုတွေ စတဲ့ နယ်ပယ်တွေမှာ တရုတ်နဲ့ ကမ္ဘောဒီးယား စစ်တပ်တွေဟာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် အားဖြည့်သွားမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
Source : Reuters