ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်(ခလယ်လွီထူ) ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ဧပြီ ၇ ရက် ညနေ ၃ နာရီခွဲလောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ထိုက်ထူကျေးရွာ စာသင်ကျောင်း အမိုးတွေလန်ထွက် ပျက်စီးခဲ့တဲ့အပြင် စောမောင်ဟဲ၊ စောပလယ်ပလော်၊ နော်ဝင်းကြည်၊ စောလားရယ်တို့ နေအိမ် ၄ လုံးနဲ့ စပါးကျီတလုံး ထိခိုက်ပျက်စီးခဲ့ပြီး စပါးအိတ် ၂၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “လေပြင်းပဲတိုက်ခတ်ခတ်၊ ငလျင်ပဲလှုပ်လှုပ် စစ်ကောင်စီက ဂရုစိုက်မှာ မဟုတ်ဘူး။ ကိုယ့်ဘက်ကသာ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားရမှာ။ တိုင်းရင်းသားဘက်က ဖြစ်ဖြစ် PDF ဘက်ကပဲဖြစ်ဖြစ် ဘာလုပ်သင့်လဲဆိုတာ ရွေးချယ်ထားဖို့ပဲ အရေးကြီးတာ။ သူ(စစ်ကောင်စီ)က အဆုံးစွန် သူကလုပ်နေမှာပဲ” လို့ ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ နေ့တိုင်းလိုလို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။
အရပ်သားပြည်သူတွေ သဘာဝဘေးဒဏ်ကို ခံစားနေရပေမဲ့ စစ်ကောင်စီတပ်ရဲ့ နေ့တိုင်းလိုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ကြုံတွေ့ခံစားနေရတာကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အဟန့်အတားတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။