DVB Logo
Home
မြန်မာသတင်း
ကချင်နှင့် တအာင်း မြေပြင်ပဋိပက္ခပြေလည်ရေး စတင်ညှိနှိုင်း၊ အပြုသဘောကူညီကြရန် KIO ခေါင်းဆောင် တိုက်တွန်း  
DVB
·
April 10, 2025
ကချင်နှင့် တအာင်း မြေပြင်ပဋိပက္ခပြေလည်ရေး စတင်ညှိနှိုင်း၊ အပြုသဘောကူညီကြရန် KIO ခေါင်းဆောင် တိုက်တွန်း  
Donate to DVB

ကချင်နဲ့ တအာင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့  မြေပြင်ပဋိပက္ခတွေ ပြေလည်နိုင်ဖို့ KIOနဲ့ PSLF ရှေ့ပြေးညှိနှိုင်းရေးတွေစတင်နေပြီလို့  ကချင်လွတ်လပ်ရေးအဖွဲ့  (KIO) ဒု-ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောကြားလိုက်ပါတယ်။ 

နှစ်ဖက်ရှေ့ပြေးညှိနှိုင်းရေးတွေစတင်ပြီဖြစ်လို့ သက်ဆိုင်ရာဒေသက ပြည်သူတွေနဲ့ အွန်လိုင်း အသုံးပြုသူတွေ၊ မီဒီယာတွေနဲ့ အကြံပေးထောက်ပြလိုသူတွေအနေနဲ့ အပြုသဘောဆောင် ပံ့ပိုးကူညီကြဖို့ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဧပြီ ၉ ရက်နေ့စွဲနဲ့ သူ့ရဲ့ လူမှုကွန်ရက်ကနေ စာရေး တိုက်တွန်းထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံ၊ မိုးမိတ်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA) အောက်ခြေတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေ ပြီးခဲ့တဲ့လပိုင်းတွေမှာ တောက်လျှောက်ဖြစ်နေခဲ့ပြီး လူထိခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ 

မန်တုံနဲ့ မိုးမိတ်ကြားမှာရှိတဲ့ KIA စခန်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် KIA တပ်ဖွဲ့ဝင် ၁၁ အယောက်အထိ ထိခိုက်ဒဏ်ရာရာတာတွေရှိပြီး ဆေးရုံတက်ရောက်ကုသခဲ့ရတာပါ။

ခုလိုမျိုးဖြစ်စဉ်တွေ ဆက်မဖြစ်အောင် နှစ်ဖက် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြဖို့ကိုလည်း နိုင်ငံရေးအင်အားစုတွေကလည်း တိုက်တွန်းနေကြတာပါ။

လက်ရှိမှာတော့ ဒီပဋိပက္ခတွေကို ပြေလည်နိုင်ဖို့အတွက် KIO နဲ့ PSLF က ရှေ့ပြေးညှိနှိုင်းရေး အဖွဲ့တွေ ဧပြီ ၉ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတယ်လို့ KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နှစ်ဖက်ကိုယ်စားလှယ်တွေ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ တွေ့ဆုံဆွေးနွေးကြမလဲ ဆိုတာကို ကြိုတင်ပြင်ဆင်ညှိနှိုင်းတဲ့အနေနဲ့ ရှေ့ပြေးညှိနှိုင်းရေးအဖွဲ့တွေ ပထမဆုံးအကြိမ် တွေ့ဆုံတာလို့လည်း ဆိုပါတယ်။

KIO အနေနဲ့ကတော့ လူထုရဲ့အကျိုးကို ရှေးရှုပြီး အကောင်းဆုံးအဖြေရဖို့ မျှော်လင့်သလို PSLF အနေနဲ့လည်း ဒီလိုပဲ မျှော်လင့်ထားလိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ TNLA ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရသေးဘဲ TNLA ပြောခွင့်ရ လွေးယေဦးကတော့  နှစ်ဖက်ပဋိပက္ခတွေ ပြေလည်နိုင်ဖို့ နှစ်ဖက် တွေ့ဆုံနိုင်ရေး ကြိုးစားနေတယ်လို့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက DVB ကို ပြောထားပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013