Home
မြန်မာသတင်း
အာရက္ခတပ်တော်  ၁၆ နှစ်မြောက် အခမ်းအနား ဂျပန်တွင် ကျင်းပ
DVB
·
April 10, 2025

ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၁၆ နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့၊ နာဂိုယာမြို့နဲ့ အိုဆာကာမြို့တွေမှာ ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ ရခိုင်လူမျိုးတွေက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တယ်လို့ ရက္ခိုင်အစည်းအရုံး (ဂျပန်) က သိရပါတယ်။

ရက္ခိုင့်အစည်းအရုံး (ဂျပန်) က ဦးဆောင်ပြီးတော့ ဧပြီ ၆ ရက် မွန်းတည့် ၁၂ နာရီကနေ ညနေ ၅ နာရီထိ မြို့ ၃ မြို့မှာ တပြိုင်တည်း ကျင်းပခဲ့ကြတာပါ။

အာရက္ခပြည်လွတ်မြောက်ရေးအတွက် ပေးဆပ်မှုများစွာနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြတဲ့ အာရက္ခတပ်တော်ကို ဂုဏ်ပြုချင်တာကြောင့် ၁၆ နှစ်မြောက် အာရက္ခတပ်တော်နေ့ကို ကျင်းပတာလို့ ဆိုပါတယ်။

ရက္ခိုင်အစည်းအရုံး (ဂျပန်) ရဲ့ တာဝန်ရှိသူတယောက်က “ဂျပန်မှာရောက်ရှိနေတဲ့ ရခိုင်ပြည်သူ/ပြည်သားတွေကို အာရက္ခအောင်လံတော်အောက်မှာ အမျိုးသားစည်းလုံးညီညွတ်ရေး၊ အာရက္ခပြည်လွတ်မြောက်ရေးနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ တယောက်မကျန် ပါဝင်လာနိုင်ဖို့၊ နှိုးဆော်တိုက်တွန်းနိုင်ဖို့အတွက် အခုလို ဂုဏ်ပြုပွဲကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ရတာပါ” လို့ ပြောပါတယ်။

အာရက္ခတပ်တော်နေ့ အခမ်းအနားကို ULA/AA ခေါင်းဆောင်အချို့က တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် အခမ်းအနားမှာ ဂျပန်ရောက် အာရက္ခလူငယ်မောင်မယ်တွေကနေ အကအလှတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပျော်ရွှင်စရာ ကံစမ်းမဲအစီစဉ်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024