
အဆိုတော် ယုဇန၊ Lလွန်းဝါနဲ့ ကီးဘုတ်ပညာရှင် သိန်းထိုက်အောင် တို့ပါဝင်တဲ့ Rhythm of Hope လို့ နာမည်ပေးထားတဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့နဲ့ အိုဆာကာမြို့တို့တွေမှာ ကျင်းပဖို့ရှိနေတယ်။
နိုဝင်ဘာ ၁ ရက်နေ့ အိုဆာကာမြို့နဲ့ နိုဝင်ဘာ ၈ ရက်နေ့ တိုကျိုမြို့တို့မှာ ကျင်းပမှာ ဖြစ်ပြီး ရရှိတဲ့အကျိုးအမြတ်တွေကို မြန်မာနိုင်ငံရဲ့ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ်ခံနေရတဲ့ ဒေသတွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း NwayOo Festival ပွဲစီစဉ်သူတွေက DVB ကို ပြောပါတယ်။
တိုကျိုမြို့မှာ နေထိုင်တဲ့ မနှင်းနှင်းမွှေးက “ဒီအဆိုတော်တွေကို အစကတည်းက ကြိုက်တယ်။ နောက်ပြီး ကိုယ့်ရဲ့ကြိုးစားတည်ဆောက်ပိုင်ဆိုင်ခဲ့တဲ့ အရာမှန်သမျှကို ကျောခိုင်းပြီး ဓမ္မဘက်ကို မျက်နှာမူဖို့ ရပ်တည်တဲ့ အဆိုတော်တွေရဲ့ ရန်ပုံငွေပွဲလည်းဖြစ်တာမို့ သူငယ်ချင်းတွေစုပြီး သွားကြည့်ဖို့ လက်မှတ်ဝယ်ထားတယ်”လို့ ပြောပါတယ်။
အဆိုတော် ယုဇန နဲ့ Lလွန်းဝါတို့ဟာ သူတို့နေထိုင်ရာ နိုင်ငံတွေမှာလည်း မြန်မာပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေဖျော်ဖြေပွဲတွေမှာ ပါဝင်ကူညီ သီဆိုနေကြတာဖြစ်ပါတယ်။











