စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲကို ဧပြီ ၉ ရက် ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဝန်းသိုမြို့နယ်ထဲက နန်းခမ်းကျေးရွာ ဆေးရုံရှေ့နဲ့ ကျောင်းဟောင်းပတ်ဝန်းကျင်ကို တိုက်ပွဲဖြစ်တာမရှိဘဲဲနဲ့ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံးတခါ၊ ၁ လုံးတခါ စုစုပေါင်း ၂ ခါ ဗုံး ၄ လုံး ကြဲသွားတာပါဗျ။ တခြားရွာတွေဘက်မှာ ကြဲသွားတာတွေပါဆိုရင် ဗုံး ၁၀ လုံးကျော်တယ် ကြဲသွားတာ” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရလို့ နန်းခမ်းကျေးရွာက လူနေအိမ်နဲ့ တခြားအဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “နန်းခမ်းရွာက ကျေးရွာဆေးရုံရှေ့၊ ကျောင်းဟောင်းနဲ့ ကျွန်းတောဝိုင်ဖိုင်ဆိုင်တွေပေါ်ကို ဗုံးတွေကျလို့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ၃၀ နီးပါး သေဆုံးတယ်။ ကျေးရွာဆေးရုံဆောင်တွေ၊ လူအိမ်တွေနဲ့ တခြားအဆောက်အအုံတွေလည်း ပျက်စီးသွားတယ်။ တရွာလုံး ရစရာမရှိတဲ့ အခြေအနေ ဖြစ်သွားတယ်လို့ ကနဦးစာရင်းတွေ ရထားတယ်ပေါ့ဗျာ။ အလောင်းမကောက်နိုင်သေးတာတွေပါ ရှိနေသေးတော့ သေဆုံးသူက အဆမတန်များမှာပါ။ ၅၀ ကျော် ရှိနိုင်တယ်။ အဲဒီဘက်တွေမှာ ဖုန်းလိုင်းတွေ အဖြတ်ခံထားရတာကတကြောင်း၊ ဝိုင်ဖိုင်ဆိုင် ပျက်စီးသွားတာက တကြောင်းဆိုတော့ မြေပြင်အခြေအနေ အတိအကျရဖို့ ခက်ခဲနေသေးတာ။ ရနိုင်သမျှတော့ ဆက်စုံစမ်းနေတယ်” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက် ညပိုင်းက အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဘက်ကလည်း အင်းတော်မြို့ အပါအဝင် နယ်မြေချင်း ထိစပ်နေတဲ့ ဝန်းသိုမြို့နယ်ထဲကိုလည်း လေကြောင်းတိုက်ခိုက်တာတွေအပြင် ကသာမြို့ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ပါ ရမ်းသန်းပြီး ဆက်တိုက်ပစ်ခတ်နေကာ ကနီမြို့နယ်ထဲကိုလည်း စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်သွားသေးတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ယာယီအပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားပေမဲ့လည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေနဲ့ လက်နက်ကြီးပစ်တာတွေ တောက်လျှောက်ပြုလုပ်နေတာလို့လည်း ဆိုပါတယ်။
မတ် ၂၈ ရက်က မြန်မာပြည်အလယ်ပိုင်းမှာ ငလျင် အပြင်းအထန် လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဧပြီ ၈ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၆ ယောက်၊ အမျိုးသမီး ၃၀ အပါအဝင် ပြည်သူ ၇၂ ယောက် သေဆုံးခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။