မေ ၁၇ ရက်က ဝါရှင်တန် အမျိုးသားရင်ပြင်မှာ ပြုလုပ်တဲ့ အမေရိကန် နှစ် ၂၅၀ ပြည့် အမျိုးသားဂျူဘလီဆုတောင်းပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆုတောင်းဗီဒီယိုကို ဖွင့်ပြခဲ့ပါတယ်။
အဲဒီမှာ ထရမ့်ပ်က ရာဇဝင်ချုပ် ဒုတိယစောင် ကျမ်းကြီး ၇၊ ကျမ်းငယ် ၁၇ ကနေ ၂၀ အထိ ဖတ်ကြားခဲ့ပါတယ်။
“သင်သည် ငါ့ရှေ့မှာ ကိုယ်ခမည်းတော် ဒါဝိဒ် ကျင့်သကဲ့သို့ စိတ်ဖြောင့်စွာ ကျင့်၍၊ ငါစီရင်ထုံးဖွဲ့ချက် ရှိသမျှတို့ကို စောင့်ရှောက်သဖြင့်၊ ငါပညတ်ထားသည်အတိုင်း ပြုလျှင်၊ ဣသရေလအမျိုးကို အုပ်စိုးရသော မင်းမျိုးမပြတ်ရဟု၊ သင်၏ ခမည်းတော် ဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည်အတိုင်း၊ သင့်နိုင်ငံ၏ ပလ္လင်ကို ငါတည်မြဲစေမည်။ သို့သော်လည်း သင်တို့သည် လွှဲရှောင်၍၊ ငါပေးသော ငါ့ပညတ်တရားနှင့် ထုံးဖွဲ့ချက်တို့ကို မစောင့်ဘဲ၊ တပါးသော ဘုရားတို့ကို ကိုးကွယ်ဝတ်ပြုလျှင်၊ ငါပေးသော ဤပြည်မှ သင်တို့ကို ငါနှုတ်မည်။ ငါ့နာမ၌ သမုတ်၍ ငါသန့်ရှင်းစေသော ဤအိမ်တော်ကိုလည်း ငါ့မျက်မှောက်မှ ငါပယ်ရှင်းမည်။ လူအမျိုးမျိုးတို့တွင် သင်တို့ကို ပုံဥပမာ၊ ကဲ့ရဲ့စရာ ဖြစ်စေမည်။”
၉ နာရီကြာ ကျင်းပတဲ့ ဒီအစီအစဉ်မှာ ဧဝံဂေလိ ခရစ်ယာန်နဲ့ ကွန်ဆာဗေးတစ် ကက်သလစ် ခေါင်းဆောင်အများစု ဟောပြောခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ကလည်း အမေရိကန်ရဲ့ ဥပဒေနဲ့ ကိုယ်ကျင့်တရားဟာ ခရစ်ယာန်ဘာသာရေးမှာ အမြစ်တွယ်နေတယ်လို့ ဗီဒီယိုကတဆင့် အသီးသီး ပြောဆိုခဲ့ပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ကတော့ ပွဲကို လူကိုယ်တိုင် တက်ရောက်ခဲ့ပြီး အမေရိကန်ဟာ ဘုရားသခင် အထံတော်အောက်က တစုတည်းသောနိုင်ငံ ဖြစ်တယ်လို့ ဆုတောင်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီပွဲဟာ နိုင်ငံရဲ့ ကွဲပြားစုံလင်တဲ့ ဘာသာရေးယုံကြည်မှုတွေကို ထင်ဟပ်မှုမရှိဘူးလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
ကျောင်းတော်နဲ့ နိုင်ငံတော်ကြားက စည်းကို ဝေဝါးသွားစေသလို “ယူအက်စ်အေ” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မဲဆွယ်ပွဲအသွင် ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
Mainline ပရိုတက်စတင့် ကျောင်းတော်တွေ၊ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ စတဲ့ တခြားဘာသာရေး ကိုယ်စားလှယ်တွေလည်း မပါဝင်ခဲ့ပါဘူး။
အမေရိကန်မှာ အရွယ်ရောက်ပြီးသူ လေးပုံတပုံကျော်က ဘယ်ဘာသာရေးနဲ့မှ မဆက်နွှယ်ဘူးလို့ သုတေသန စစ်တမ်းတွေမှာ ဖော်ပြပါတယ်။
၂၃ ရာခိုင်နှုန်းက ဧဝံဂေလိ ပရိုတက်စတင့်တွေဖြစ်ပြီးတော့ ၁၉ ရာခိုင်နှုန်းက ကက်သလစ်တွေ ဖြစ်သလို ၁၁ ရာခိုင်နှုန်းကတော့ Mainline ပရိုတက်စ်တင့်တွေ ဖြစ်ပါတယ်။











