
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ချမှတ်တဲ့ အကောက်ခွန်မူဝါဒရဲ့ အကျိုးသက်ရောက်မှုကို လျှော့ချရေး ညှိနှိုင်းမှုတွေစဖို့ အိမ်ဖြူတော်ဆီ နိုင်ငံပေါင်း ၇၀ နီးပါး ဆက်သွယ်လာပြီလို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလင်း လီဗစ်က ဧပြီ ၈ ရက်မှာ ပြောပါတယ်။
အမေရိကန် အလုပ်သမားတွေကို အကျိုးရှိစေပြီး ကုန်သွယ်ရေးလိုငွေပြမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရင် သဘောတူညီချက်တွေ ရလိမ့်မယ်လို့ လီဗစ်က သတင်းထောက်တွေကို ပြောပါတယ်။
ထရမ့်ပ်က သူ့အဖွဲ့ကို ဆက်သွယ်လာတဲ့ တနိုင်ငံချင်းစီအတွက် အံဝင်ခွင်ကျဖြစ်မယ့် သဘောတူညီချက်တွေ ရရှိရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။
“နိုင်ငံတွေက သူတို့ရဲ့ မမျှတတဲ့ ကုန်သွယ်မှု အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့နဲ့ ကျမတို့ရဲ့ နိုင်ငံအတွက် သူတို့ရဲ့ စျေးကွက်တွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးဖို့ ကြိုးပမ်းနေကြပါပြီ” လို့လည်း လီဗစ်က ပြောပါတယ်။
“ကမ္ဘာက သမ္မတ ထရမ့်ပ်ရဲ့ ချဉ်းကပ်မှုကို ပြတ်ပြတ်သားသား တုံ့ပြန်နေပါတယ်။ အစ္စရေးနဲ့ အမေရိကန်ရဲ့ ကုန်သွယ်မှုလိုငွေပြမှုကို ချက်ချင်းဖယ်ရှားပစ်ဖို့နဲ့ သူတို့ရဲ့ ကုန်သွယ်မှု အတားအဆီးတွေကို ဖယ်ရှားပစ်ဖို့ အစ္စရေးက ကတိပြုခဲ့ပါတယ်။ အစ္စရေးရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကို တခြားကမ္ဘာ့နိုင်ငံတွေက စံနမူနာယူသင့်တယ်” လို့လည်း လီဗစ်က ပြောပါတယ်။
ထရမ့်ပ်ဟာ ဒီဆွေးနွေးပွဲတွေကို ဦးဆောင်ဖို့ အတွင်းရေးမှူးချုပ် စကော့ ဘက်ဆန့်စ်နဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆင် ဂရေယာကို တာဝန်ပေးအပ်ထားပါတယ်။
Source : Reuters