DVB Logo
Home
မြန်မာသတင်း
အင်းတော်တိုက်ပွဲမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူး အပါအဝင် စစ်သုံ့ပန်းများ အရှင်ဖမ်းမိ
DVB
·
April 10, 2025
အင်းတော်တိုက်ပွဲမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူး အပါအဝင် စစ်သုံ့ပန်းများ အရှင်ဖမ်းမိ
1 / 10
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ဂျပန်လိုဏ်ဂူစစ်ကောင်စီစခန်းကနေ ထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​ အောင်သက်ဦး အပါအဝင် တခြားစစ်သုံ့ပန်း ၁၀၀ လောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့တာဝန်ခံက “ကျနော်တို့ဘက်က သူတို့ ဂျပန်လိုဏ်ဂူစခန်းကို တိုက်တဲ့အခါ အဲ့ဒိ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​အောင်သက်ဦး ဦးဆောင်ပြီးတော့ သူ့အဖွဲ့တွေ ဆုတ်ပြေးပြေးသွားတာကို ရဲဘော်တွေက နောက်ကနေ လိုက်ရှင်းရင်းနဲ့ အင်းတော်နဲ့ ကသာကြားက နေရာတခုမှာ ဝိုင်းဝန်းပိတ်ဆို့ပြီး အရှင်ဖမ်းမိခဲ့ကြတာပါ။ အရေအတွက်ကတော့ ၁၀၀ ကျော်မယ်” လို့ ပြောပါတယ်။

ဧပြီ ၇ ရက်၊ ညပိုင်းမှာ အင်းတော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လိုဏ်ဂူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၈ လနီးပါးကြာတိုက်ခိုက်ခဲ့ရပြီး အင်းတော်မြို့နယ် တခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “သူတို့ဘက်က စစ်ကူမလာတာ။ ရိက္ခာမလာတာတွေနဲ့ အသေအပျောက်တွေလည်း များတော့ အဲဒီဒဏ်ကို ရေရှည်မခံနိုင်တော့ဘဲနဲ့ ဂျပန်လိုဏ်ဂူကနေ ထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​ အောင်သက်ဦးနဲ့ အခြားအဆင့်တွေ အများအပြား အရှင်မိထားတာရှိပါတယ်။ အခုစိစစ်နေဆဲကာလဖြစ်လို့ စာရင်းပြုစုပြီး နောက်မှ အတိအကျ ပြောပြပေးပါမယ်။ သက်ဆိုင်တဲ့ အဖွဲ့တွေကလည်း ပြည်သူတွေ ပျော်ရွှင်ဖို့ သတင်းထုတ်ပြန်ပေးမှာပါ။ အခုချိန်အထိ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာတွေ ရှိနေသေးလို့ သတိထားပြီး ဆောင်ရွက်နေကြရတယ်” လို့ DVB ကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်သူ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​အောင်သက်ဦးဟာ တပ်မ ၇၇ မှာ တပ်မမှူးမဖြစ်ခင်က ကော့သောင်းတပ်နယ် စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အင်းတော်မြို့ဟာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ ရှေ့တန်းဌာနချုပ် အခြေစိုက်ရာ မြို့တမြို့ဖြစ် စစ်ဆင်ရေးတွေအတွက် တပ်မမှူးကိုယ်တိုင် ကွပ်ကဲရတဲ့ စစ်ရေးအတွက် အရေးပါတဲ့ မြို့တမြို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့  PDF၊ ကသာခရိုင် အမှတ် ၁၊ ၂၊ ၃၊ ၄ တပ်ရင်းတွေ၊ ကသာခရိုင် အထူးလှုပ်ရှားတပ်ခွဲ၊ အမှတ် ၁ အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် ၁၀ အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ အင်းတော်၊ ဗန်းမောက်နဲ့  ကသာ ပကဖ အဖွဲ့တွေ၊ အမှတ် ၂ ရွှေဘိုခရိုင်ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင်အမှတ် ၅၀၉၊ ၅၁၀၊ ၅၁၂ တပ်ရင်းတွေ၊ ပြင်ဦးလွင်ခရိုင်အမှတ် ၁၊ ၂ တပ်ရင်း၊ ကျောင်းသားတပ်မတော်-ABSDF တပ်ရင်း ၁၁၊ ၁၄၊  KIA တပ်မဟာ ၉ အထူးစစ်ကြောင်း၊ မိုးညှင်း-KPDF၊ ကလေးခရိုင်အမှတ် ၁၀ တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် ၁၈၄၉ ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင်ဒရုန်းတပ်ဖွဲ့၊ ကသာခရိုင်လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင်ကွန်မန်ဒိုတပ်ဖွဲ့ စတဲ့အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။  

အဲဒီ တိုက်ပွဲကနေ ဟောင်ဝစ်ဇာအမြောက် ၂ လက်၊ ၁၂၀ မမ အမြောက် ၂ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိ​ခဲ့တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်မှာ ကနဦးသတင်းထုတ်ပြန်ထားပါတယ်။

အင်းတော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ရရှိသွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့  သတင်းတစုံတရာ ထုတ်ပြန်လာတာတော့ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အင်းတော်တိုက်ပွဲမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူး အပါအဝင် စစ်သုံ့ပန်းများ အရှင်ဖမ်းမိ