
မန္တလေးတိုင်း၊ မြင်းခြုံမြို့၊ အမှတ် ၁၈ ရပ်ကွက်မှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့စခန်း ဧပြီ ၆ ရက် ညနေ ၄ နာရီကျော်လောက်က တိုက်ခိုက်ခံရတယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို အနီးကပ် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ယောက် သေဆုံးပြီး ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဆိုပါတယ်။
မြင်းခြံမြို့နယ် Myingyan Black Tiger တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက “နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် တနာရီကျော် ကြာမြင့်ခဲ့ပေမဲ့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာခဲ့တာဖြစ်ပြီး နောက်ထပ် သေဆုံးမှုကို စုံစမ်းနေတယ်” လို့ DVB ကို ပြောပါတယ်။
ဧပြီ ၁ ရက်ကလည်း မြင်းခြံခရိုင် ဆီးမီခုံမြို့ ဆေးရုံအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ် လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ Myingyan Black Tiger တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။