
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် မြန်မာနိုင်ငံကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရောက်ရှိခဲ့တဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ ငလျင်ကယ်ဆယ်ရေးတာဝန် ပြီးဆုံးသွားပြီဖြစ်တာကြောင့် တရုတ်နိုင်ငံကို ဧပြီ ၉ ရက် ဒီကနေ့မှာ ပြန်လည်ထွက်ခွာသွားပြီလို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်တပ်သားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ တရုတ် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့နဲ့ ဟောင်ကောင် ကယ်ဆယ်ရေးအဖွဲ့တွေဟာ တရုတ်လေတပ် Y-20 လေယာဉ် ၄ စီးနဲ့ နေပြည်တော်ကနေ ပြန်လည်ထွက်ခွာသွားကြတာပါ။
ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေအတွက် ကျေးဇူးတင်အခမ်းအနား ကျင်းပပေးခဲ့ပြီး ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒီအခမ်းအနားကို တက်ရောက်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်အရ ယူနန်ပြည်နယ် ကယ်ဆယ်ရေးနဲ့ ဆေးကုသရေးအဖွဲ့ဟာ ဧပြီ ၆ ရက်က ရန်ကုန်မြို့ကနေ ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။