
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်က နျူကလီးယားလက်နက် မပိုင်ဆိုင်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သဘောတူခဲ့တယ်လို့ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီ ခရီးစဉ်ကို နိဂုံးချုပ်လိုက်ချိန် ဧပြီ ၈ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်ဟာ သူ့ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ သီတင်းပတ်ကုန်ရက်မှာ ဆွေးနွေးဖို့ အချိန်နီးကပ်လာချိန်မှာ နေတန်ယာဟုက ကြေညာချက် ထုတ်လိုက်တာပါ။
အမေရိကန်ရဲ့ ရည်ရွယ်ချက်အပေါ် သံသယတွေ နက်ရှိုင်းနေပြီး တိုးတက်မှုအပေါ် ယုံကြည်မှု နည်းပါးနေချိန်မှာ ခုလို ကြေညာချက် ထွက်လာတာလို့ အီရန်တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သဘောတူညီချက်ကို မလိုက်နာရင် အမေရိကန်အစိုးရရဲ့ ရန်သူဟောင်း အီရန်ကို စစ်ရေးအရ အရေးယူမယ်လို့ ဇန်န၀ါရီလမှာ အိမ်ဖြူတော်ကို ပြန်ရောက်ကတည်းက ခြိမ်းခြောက်ခဲ့တဲ့ ထရမ့်ပ်က ဆွေးနွေးပွဲတွေအကြောင်းကို ဧပြီ ၇ ရက်မှာ ကြေညာခဲ့ပါတယ်။
နေတန်ယာဟုက သူနဲ့ ထရမ့်ပ်ဟာ ဟားမတ်စ်တွေကို ချေမှုန်းဖို့နဲ့ ဓားစာခံတွေကို ပြန်ခေါ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဂါဇာအပေါ် ထရမ့်ပ်ရဲ့ အမြင်ကို ဆွေးနွေးခဲ့ကြတယ်လို့ အင်္ဂါနေ့ နှောင်းပိုင်း အစ္စရေးကို ပြန်မလာမီ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။
“ဂါဇာဒေသခံ အများအပြားကို ခေါ်ထားနိုင်ခြေအကြောင်း ပြောဆိုနေတဲ့ နိုင်ငံတွေနဲ့ လောလောဆယ် ဆက်သွယ်နေပါတယ်” လို့လည်း နေတန်ယာဟုက ပြောခဲ့ပါတယ်။
ဆီးရီးယားမှာ စစ်အခြေစိုက်စခန်းတွေ ထူထောင်ရေးကိစ္စနဲ့ အစ္စရေးအတွက် အန္တရာယ်တွေ ရှိလာနိုင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထရမ့်ပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ နေတန်ယာဟုက ပြောပါတယ်။
စည်းကြပ်ခွန်တွေနဲ့ ပတ်သက်ပြီး အစ္စရေးက အမေရိကန်နဲ့ ကုန်သွယ်ရေးလိုငွေကို သုညအထိ လျှော့ချဖို့ ဆန္ဒရှိတယ်လို့လည်း နေတန်ယာဟုက ပြောခဲ့ပါတယ်။
Source : Reuters