
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ လာမယ့်မိုးရာသီအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေပါတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီကယ်ဆယ်ပေးရေးအဖွဲ့ဆီက သိရပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိင်သေးဘဲ ဥယျာဉ်၊ တောတောင်တွေထဲမှာ တိမ်းရှောင်နေထိုင်ကြရတဲ့ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်မိသားစုတွေအတွက် လာမယ့် မိုးရာသီမှာ လုံခြုံစွာနေထိုင်ဖို့ လိုအပ်တဲ့ အမိုးအကာတွေ လုံလောက်အောင် မရရှိလို့ အလှူရှင်တွေ လိုအပ်နေတယ်လို့ နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီတဲ့ အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“အရင်တပတ်ကဆိုရင် တခြားအလှူရှင်အဖွဲ့ကနေ အမိုးအကာ (ဒေသအခေါ် တာလာပါ) တွေ လာလှူထားတာတွေကတော့ ညောင်ပင်ကွင်းရွာဘက်မှာ ရှိထားတာပေါ့နော်။ သိန်ခွန်းဘက်ကလည်း နည်းနည်းပါးပါး ရှိထားတယ်ဆိုပေမဲ့ အလုံးစုံတော့ မလုံလောက်ဘူးတဲ့ စစ်ဘေးရှောင်တွေက ပြောလာတယ်။ သူတို့မှာ လိုအပ်နေသေးတယ်ဆိုပြီး အခြေအနေတရပ် တင်ပြလာတယ်။ ကျမတို့မှာ အလှူရှင်လည်းမရှိတော့ဘူးဆိုတော့ သူတို့ကို ထပ်ပြီးတော့ လတ်တလောမှာတော့ မကူနိုင်ဘူး ဖြစ်နေတယ်ပေါ့။”
လေကြောင်းတိုက်ခိုက်မှုကြောင့် တရက်အတွင်း နေအိမ်အလုံး ၃၀ ကျော် ပျက်စီးသွားတဲ့ ညောင်ပင်ကွင်း ကျေးရွာမှာတော့ စစ်ရှောင်နေကြတဲ့ ပြည်သူတွေ ပြန်လာနေထိုင်ကြတဲ့သူတွေ ရှိနေပါတယ်။ ထုံမခါကျေးရွာမှာလည်း တိုက်ပွဲကြောင့် စစ်ရှောင်နေကြတဲ့ ပြည်သူတွေ ပြန်လာနေထိုင်ကြတာ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ပြည်ထောင်စုကားလမ်းပိုင်းက တိုက်ပွဲတွေကြောင့် သိန်ခွန်းကျေးရွာအုပ်စုက စစ်ရှောင်ပြည်သူတွေဟာ ၄ လကျော်အထိ အိမ်မပြန်နိုင်သေးသလို အလုပ်အကိုင်၊ နေထိုင်မှု၊ ကျန်းမာရေးပိုင်းတွေကအစ လိုအပ်ချက် ပိုများလာတယ်လို့ စစ်ဘေးရှောင် ပြည်သူတယောက်က ပြောပါတယ်။
“အဲဒီတောတောင်မှာက သူတို့ ဘယ်လောက်နေနိုင်မလဲပေါ့။ စားစရာက သူတို့မှာ ထွက်ဝယ်မှ ရမယ်၊ စားစရာဝယ်ဖို့ဆိုရင် ပိုက်ဆံလိုပြီ။ တောတောင်ထဲမှာရှိတဲ့ ခရမ်းသီး၊ ဘူးသီး၊ ချဥ်ပေါင်တို့လိုမျိုးတွေ ဘယ်လောက်စိုက်ထားလဲပေါ့။ ကြာရှည်နေနိုင်မလား။ ကျန်းမာရေးအတွက် သူတို့ထွက်လာရင် ဘယ်ဆရာဝန်နဲ့ သူတို့ကုရမလဲ။ ဥယျာဥ်ထဲမှာ နေတဲ့သူတွေလည်း အဆင်မပြေနိုင်ဘူး။ တလ၊ ၂ လပဲ အဆင်ပြေနိုင်မယ်၊ ကျန်တဲ့အချိန်မှာ အဆင်မပြေနိုင်ဘူး။ မကြာခင် မိုးရာသီရောက်တော့မယ်၊ အဲဒီချိန်ကျရင် ကျမတို့ တနင်္သာရီဘက်မှာ ရေကြီးတဲ့အခါ ရှိတယ်။ ဒီဥယျာဥ်ခြံတို့၊ သိန်ခွန်းတို့ဘက်မှာ မြေနိမ့်ပိုင်းဆိုရင် ရေကြီးတယ်။ အဲ့ချိန်ဆိုရင် ဘယ်လိုနေမလဲပေါ့၊ သူတို့လည်း အဆင်မပြေနိုင်ဘူး။ တလ၊ ၂ လ၊ ၃ လ ကြာပြီးရင် ပိုလို့တောင် အဆင်မပြေ ဖြစ်နိုင်တာပေါ့နော်။”
အခုနှစ် မတ်လကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ပြည်ထောင်စုကားလမ်းမှာရှိတဲ့ ချောင်းလမုကျေးရွာမှာ ဒေသခံပြည်သူတွေ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ထုံခါ-မောတောင် လမ်းပိုင်းကို စစ်ကောင်စီက စစ်ရေးတိုးချဲ့ကာ စစ်ကြောင်းထိုး လှုပ်ရှားနေပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။