DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် သစ်မျိုးရင်းအချို့ ပြုန်းတီးနိုင်သည်အထိ သစ်ခုတ်ယူမှု များလာ
DVB
·
October 28, 2026
Photo: CJ
Photo: CJ
Donate to DVB

ရခိုင်ပြည်နယ်က ဒေသခံတွေဟာ လောင်စာနဲ့ ဝင်ငွေအတွက် သစ်တောတွေနဲ့ ဒီရေတောတွေကို ပိုမို ခုတ်ယူ သုံးစွဲလာကြတာကြောင့် သစ်မျိုးရင်းတချို့ ပြုန်းတီးနိုင်တဲ့အထိ ဖြစ်လာနေတယ်လို့ ရခိုင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

သစ်တွေကို လောင်စာအတွက် အဓိကခုတ်ယူကြတာဖြစ်ပြီး အခုနှစ်ပိုင်းတွေအတွင်း ပိုများလာတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မြောက်ဦးဒေသခံက ပြောပါတယ်။

“လျှပ်စစ်မီးမရတာကြောင့် လောင်စာအတွက် သစ်ခုတ်ယူမှုက ပိုများလာပါတယ်။ လောင်စာအတွက် ရှိတဲ့ သစ်တော သစ်ပင်တွေကိုပဲ အသုံးပြုမှု များလာတဲ့အတွက် သစ်ပင်တွေ ပြုန်းတီးမှု ပိုများလာတယ်။ အဆိုးဆုံးက မျိုးပွားဖို့မကျန်အောင် အရွယ်မရောက်သေးတဲ့ အပင်တွေအထိ ခုတ်လှဲခံရတာတွေ များလာတယ်။”

အခုလို စည်းကမ်းမဲ့ သစ်ခုတ်ယူမှု များလာတဲ့အတွက် ပနံပင်၊ ရေအုန်းပင်၊ ဗျူးပင်၊ ဗျုးရွှေဝါပင်၊ ကဘိုင်ပင်နဲ့ မြိုင်ကြီးပင် စတဲ့ ရခိုင်က အပင်မျိုးစိတ်တွေဟာ မျိုးသုန်းလာနိုင်တဲ့အထိ ဖြစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

ရခိုင်မှာ ဒေသတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနောက်ပိုင်း တပြည်နယ်လုံး အတိုင်းအတာအနေနဲ့ လျှပ်စစ်မီး မရရှိတော့တာ ၃ နှစ်နီးပါး ရှိလာခဲ့ပြီဖြစ်ပြီး လောင်စာအတွက် ကုန်းသစ်တောနဲ့ ဒီရေတောတွေကိုသာ အဓိက ခုတ်ယူသုံးစွဲနေကြရတာ ဖြစ်ပါတယ်။

ဒေသတွင်း တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်ဆို့ခံထားရတဲ့အတွက် အလုပ်အကိုင် ပိုမိုရှားပါးလာတဲ့ ရခိုင်ဒေသမှာ လောင်စာအတွက် သစ်ခုတ်ယူမှုအလုပ်ကို ဒေသခံတွေ ပိုလုပ်လာကြရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတယောက်က “လောင်စာအတွက် အဓိက ထင်း‌ဆိုတော့ ဒါက အခုလောလောဆယ် ဝင်ငွေရတဲ့ အလုပ်တခုပဲလေ။ အလုပ်အကိုင်က ရှားတော့ ထင်းခုတ်စားတဲ့သူ ပိုတိုးလာတာပေါ့။ အဓိကတော့ တနိုင်တပိုင် ထင်းခုတ်တာ‌‌တွေက အဲဒီလောက်မဟုတ်ဘူး။ စီးပွားဖြစ် ထင်းခုတ်တာတွေကိုပဲ သေချာထိန်းသိမ်းဖို့ လိုတယ်လို့ ထင်တယ်။ လောင်စာလိုအပ်ချက်ဆိုတော့ ဒါကို တားလို့လည်းမရဘူး။ စနစ်တကျခုတ်ဖို့ပဲ ထိန်းသိမ်းနိုင်ဖို့လိုမယ်” လို့ ပြောပါတယ်‌။

သစ်ခုတ်ယူမှုတွေမှာ မလိုအပ်တဲ့ အပင်‌တွေကိုတောင် ခုတ်လှဲပစ်ထားခဲ့တဲ့ စည်းကမ်းမဲ့ ခုတ်ယူမှု‌‌တွေ များပြားပြီး ရက္ခိင့်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ဘက်ကလည်း ကြိုးဝိုင်းသစ်တောတွေလောက်သာ ထိန်းသိမ်းမှု လုပ်ထားတဲ့အတွက် ကျန်တဲ့ သစ်တောနဲ့ ဒီရေတောတွေမှာ စည်းကမ်းမဲ့ သစ်ခုတ်ယူတာတွေကြောင့် သစ်မျိုးရင်းတချို့ ပြုန်းတီးမဲ့အရေးနဲ့ ကြုံလာနေရတယ်လို့ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သစ်တောလေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ (Global Nature Watch) ရဲ့ ဂြိုဟ်တုတိုင်းတာတဲ့ အချက်လက်တွေအရ ရခိုင်မှာ ၂၀၂၀ ပြည့်နှစ်အတွင်းက သစ်တောဧက ၆၁ သိန်းကျော်ကို အပင်တွေ ဖုံးလွှမ်းမှု ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် တိုင်းတာချက်မှာတော့ ဧက သိန်း ၆၀ လောက်သာ အပင်ဖုံးလွှမ်းမှုရှိနေပြီး ၅ နှစ်တာအတွင်း ဧက ၁ သိန်းကျော်ခန့် ဆုံးရှုံးခဲ့ကာ ၂၀၂၅ ခုနှစ် သစ်တောဧကဆုံးရှုံးမှုဟာ အမြင့်ဆုံးဖြစ်ပြီး တနှစ်အတွင်း ဧက ၃၀,၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ Global Nature Watch ရဲ့ အချက်လက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013