DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့က နောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
April 9, 2025
ဖလမ်းမြို့က နောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့က နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို ဧပြီ ၇ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

“ဖလမ်းမြို့ဆိုတာ ကလေး-ဖလမ်း-ဟားခါး ကားလမ်းမကြီးဘေးမှာရှိပြီးတော့ စစ်ရေးအရ အရေးပါတဲ့ မြို့ကြီးတမြို့ဖြစ်တယ်။ ဖလမ်းမှာ အခုနောက်ဆုံး သူတို့ဘက်က ခလရ ၂၆၈ လက်အောက်ခံတွေ အင်အား ၁၀၀ ကျော်လောက် တပ်စွဲနေတဲ့ အဲ့ဒိတပ်စခန်းကုန်းတခုပဲ ကျန်နေတာ။ အဲ့ဒါကို သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်။ တကယ်တမ်းတိုက်ခိုက်ချိန်ကတော့ တရက်ကောင်းကောင်းပေါ့။ စခန်းရထားပေမဲ့ တိုက်ပွဲတွေကတော့ မပြီးသေးဘူး” လို့  ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်စခန်းကို ဧပြီ ၆ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဧပြီ ၇ ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့သလို စစ်ကောင်စီဘက်က သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြကာ စစ်သုံ့ပန်းတချို့ကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က “ဖလမ်းမှာဆိုရင် သူတို့ရဲ့နောက်ဆုံးလက်ကျန် အဲ့ဒီစခန်းကုန်းကို ၄ လလောက်ကြာအောင် တိုက်လိုက်ရတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်တွေ၊ ရုပ်အလောင်းတွေ အများကြီးပါ။ အရှင်မိသူတွေလည်းရှိတာ မှန်ပါတယ်။ ပြည်သူတွေ ဖမ်းပေးလို့ အရှင်မိတဲ့အထဲမှာက ၃ ပွင့်ဗိုလ် ၁ ယောက်ပါလာတယ်။ အဲ့ဒါကတော့ ထူးခြားမှုပါ။ လက်ရှိအချိန်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေရင်းနဲ့ အဲဒိစခန်းကနေ ထွက်ပြေးသွားကြတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို လိုက်ပြီး ရှင်းတာတွေ ဆောင်ရွက်နေလို့ တိုက်ပွဲတွေကတော့ မပြီးသေးဘူး။ သူတို့ဘက်ကနေလည်း လေကြောင်းတိုက်ခိုက်တာတွေကတော့ နေ့တိုင်းလိုလို ဆက်တိုက်ရှိနေတယ်။ ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အခုရက်ပိုင်းမှာ ထုတ်ပြန်ပေးပါလိမ့်မယ်” လို့ DVB ကို ပြောပါတယ်။

ဖလမ်းမြို့မှာ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ခလရ ၂၆၈ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိပြီးရင် ဖလမ်းမြို့ဟာ စစ်ကောင်စီကင်းစင် နယ်မြေဖြစ်သွားပြီလို့ ဆိုပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က ချင်းညီနောင်စစ်ဆင်ရေး (Operations CB) အဖြစ် ဖလမ်းမြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲတွေအတွင်း ဖလမ်းမြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်ရဲစခန်း၊ မြို့နယ်ရဲစခန်းနဲ့ ဆောက်လုပ်ရေးရုံး စတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ရရှိထားခဲ့တာဖြစ်ပြီး စစ်ဆင်ရေးကာလအတွင်း ဖလမ်းခရိုင်ရဲမှူးကြီး၊ မြို့နယ်ရဲမှူးနဲ့ စခန်းမှူးတွေ အပါအဝင် စစ်ကောင်စီလက်အောက်ခံအများအပြား အရှင်ဖမ်းမိထားခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားခဲ့သေးတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးခရိုင်မြို့ဖြစ်တဲ့ ဖလမ်းမြို့က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013