
ချင်းပြည်နယ် ဖလမ်းမြို့ပေါ်နဲ့ ဆူးရ်ဘုန်လေယာဉ်ကွင်းအပါအဝင် ၃ နေရာမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းလဲန်းကောင်စီပြောခွင့်ရ ဆလိုင်းထက်နီက DVB ကို ပြောပါတယ်။
ဧပြီ ၂၃ ရက် မနက်အစောပိုင်းကစပြီး ဆူးရ်ဘုန်လေယာဉ်ကွင်း၊ ဗာရ်းတံတားအနီးနဲ့ ဖလမ်းမြို့ပေါ် စာသင်ကျောင်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ဖလမ်းမြို့ ပြန်လည်စိုးမိုးရေးအတွက် ပြန်လည်ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်း ၃ ကြောင်းထဲက စစ်ကြောင်း ၂ ကြောင်းက ပူးပေါင်းပြီး ဖလမ်းမြို့ထဲကို ထိုးစစ်ဆင် နေတာလို့ ဆိုပါတယ်။
ဧပြီ ၂၃ ရက် တနေ့တည်းမှာတင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ချင်းလဲန်းကောင်စီပြောခွင့်ရ ဆလိုင်းထက်နီက “သူတို့က ကုန်းကြောင်းရော လေကြောင်းရောနဲ့ တိုက်ခိုက်နေတာ။ လေကြောင်းဆို ဖလမ်းမြို့ကို ပစ်မှတ် ၁၅ ခုထားပြီး မနက်အစောကြီးကစပြီး ဗုံးလာကြဲတယ်။ ဗုံးကြဲပြီးတော့ တိုက်ပွဲတွေ စဖြစ်တာပဲ။ သူတို့ဘက်က ရှေ့တန်းလာတာနဲ့ နောက်တန်းက စစ်ကြောင်းတွေနဲ့ ပေါင်းပြီး အင်အား ၁,၀၀၀ ကျော်နဲ့ တိုက်နေကြတယ်။ ဟိုနေ့က ခွန်းလီရွာနားက စစ်ကြောင်းနဲ့ ကလေးက တက်လာတဲ့ စစ်ကြောင်းနဲ့ ပေါင်းမိသွားတာ။ ကျနော်တို့ရှိတဲ့နေရာကို အရင်ဗုံးကြဲပြီးတော့မှ တိုက်ပွဲစဖြစ်ကြတာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း ခွန်းလီရွာက စစ်သားတွေ အထိုင်ချထားတဲ့စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါသေးတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ သိမ်းပိုက် ထိန်းချုပ်ထားလို့ စစ်တပ်ဘက်က ထိုးစစ်ပြန်ဆင်နေတာ ဖြစ်ပါတယ်။










