DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဖလမ်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီး နယ်စပ်မြို့ ရိခေါရ်ဒါကို ဖြတ်တောက်ရန် ရည်မှန်း
မောရစ်
·
May 4, 2026
ဖလမ်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီး နယ်စပ်မြို့ ရိခေါရ်ဒါကို ဖြတ်တောက်ရန် ရည်မှန်း
Donate to DVB

ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖလမ်းကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်မှာ ဖလမ်း-ဟားခါး လမ်းပိုင်းကို စိုးမိုးဖို့ ကြိုးပမ်းနေသလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ရိခေါရ်ဒါဘက်ကိုပါ ဖြတ်တောက်နိုင်ဖို့ စစ်တပ်က ရည်မှန်းထားတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ 

ချင်းပြည်နယ်မြောက်ပိုင်းရဲ့ လမ်းဆုံလမ်းခွဖြစ်တဲ့ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တာဟာ ချင်းတော်လှန်ရေးအင်အားစုတွေအတွက် စိန်ခေါ်မှုသစ်တွေ ဖြစ်လာစေပါတယ်။

လက်ရှိမှာ စစ်တပ်တွေဟာ ဖလမ်းကနေ ဟားခါးမြို့ဘက်ကို ဦးတည်ပြီး နယ်မြေစိုးမိုးရေးအတွက် ထွက်ခွာလာနေတာကြောင့် လမ်းတလျှောက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ချင်းညီနောင် (Chin Brotherhood) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။

“ဖလမ်းကို ပြန်ရသွားပြီးတဲ့နောက်မှာ ဖလမ်း-ဟားခါးလမ်းပိုင်းကို ထိန်းချုပ်ဖို့အတွက် ဟားခါးဘက်ကို ဖလမ်းက ထွက်လာတော့ ဒီဟားခါးနဲ့ ဖလမ်းကြားမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ သိရပါတယ်။ ဖလမ်းကနေ ရိခေါရ်ဒါဘက်ကို သွား၊ မသွားတော့ အခြေအနေ စောင့်ကြည့်ရဦးမှာပါ။ သွားနိုင်ပါတယ် သွားဖို့ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။”

ဒါ့အပြင် စစ်ကောင်စီရဲ့ နောက်ထပ်ရည်မှန်းချက်တခုကတော့ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်ရှိရာ ရိခေါရ်ဒါမြို့ကို သွားတဲ့လမ်းကြောင်းကို ဖြတ်တောက်ဖို့ ဖြစ်ပါတယ်။

ဖလမ်းမြို့ကို အခြေပြုပြီး ရိဒ်ခေါဒါရ်ဘက်က လာမဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပိတ်ဆို့လိုက်မယ်ဆိုရင် ချင်းတော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်တယ်လို့ စစ်ရေးလေ့လာသူ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“ရိခေါရ်ဒါ နယ်စပ်ဂိတ်ကို ပိတ်မဲ့ အနေအထားမျိုးပေါ့။ လောလောဆယ် မတိုက်သေးဘူးဆိုရင် တောင်မှပဲ ရိဒ်ကနေ ဝင်လာမဲ့ဟာကို ဖလမ်းကနေ ဖမ်းပြီးတော့ ပိတ်ထားလိုက်ရင် ကျနော်တို့ မူဆယ် ၁၀၅ မိုင်မှာလိုပဲ ချင်းတော်လှန်ရေးတပ်တွေက အလုပ်မဖြစ်တော့ဘူး ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်မှာမှ ရိဒ်ခေါဒါရ်ကို တိုက်စစ်ဆင်မဲ့ အနေအထားမျိုး ရှိပါတယ်။”

စစ်ရေးဗျူဟာအရ အရေးအပါဆုံးအချက်ကတော့ ဖလမ်းမြို့နဲ့ ၈ မိုင်ခန့်အကွာမှာရှိတဲ့ ဆူရ်ဘုန်လေဆိပ်ပဲ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ကမှ တည်ဆောက်ပြီးစီးခဲ့တဲ့ ဒီလေဆိပ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ ကျော်မှာ တည်ရှိပြီး ပြေးလမ်းအရှည် ပေ ၆,၀၀၀ ရှိပါတယ်။

ချင်းပြည်နယ်ရဲ့ ခက်ခဲတဲ့ ကုန်းလမ်းခရီးအစား စစ်တပ်က ဒီလေဆိပ်ကို အသုံးချပြီး အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတာပါ။

စစ်ရေးလေ့လာသူတွေရဲ့ အဆိုအရ ဆူရ်ဘုန်လေဆိပ်ဟာ စစ်တပ်အတွက် ရိက္ခာနဲ့ ခဲယမ်းတွေကို လေကြောင်းကနေ ချပေးတဲ့ စနစ်အတွက် အလုံခြုံဆုံး ကွင်းပြင်တခု ဖြစ်သွားသလို၊ ရဟတ်ယာဉ်တွေအတွက်လည်း စိတ်တိုင်းကြိုက် ဆင်းသက်နိုင်တဲ့ အခြေစိုက်စခန်းတခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်တပ်ဒီလေဆိပ်ကို အခြေပြုပြီး ထန်တလန်မြို့မှာ ပိတ်မိနေတဲ့ တပ်မ (၇၇) လက်ကျန်အဖွဲ့တွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားလာနိုင်သလို၊ ရိခေါရ်ဒါဘက်ကိုပါ ဖြတ်တောက်နိုင်ဖို့ ရည်မှန်းထားတာပါ။

ဒါပေမဲ့ ချင်းပြည်နယ်ရဲ့ ရာသီဥတုနဲ့ မြေပြိုမှုတွေကြောင့် မြေပြင်စစ်ကြောင်းတွေအတွက်တော့ လမ်းခရီးဟာ အခက်အခဲရှိနေဆဲဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ (CB) က ထောက်ပြပါတယ်။

ဆလိုင်းယောမန်က “လမ်းကတော့ အရမ်းအကောင်းကြီး အချောကြီး မဟုတ်ဘူး ဆိုတော့ လွယ်လွယ်ကူကူ သွားလာဖို့တော့ ခက်မယ်ထင်တယ်။ ကလေးကနေ ဟားခါး-ဖလမ်းကို ကလေးကနေ ဖလမ်း-ဟားခါးကို တက်တာထပ် ဟားခါးဘက်ကနေတောင်ပိုင်းကို ဆင်းလာတာက လမ်းကပိုခက်တယ် ပိုကြမ်းတမ်းတယ်၊ လမ်းသားလည်း သိပ်မကောင်းတဲ့ပုံစံတော့ ရှိပါတယ်။ အဲဒါပြီးတော့မှ မြေပြိုတာတွေကော အဲဒီလိုမျိုးဆိုတော့ ဘယ်လို ဖြစ်နိင်မလဲဆိုတာ စောင့်ကြည့်ဖို့ ဖြစ်ပါမယ်။ ဘယ်လိုမျိုး ဖြစ်နိုင်မလဲ မသိဘူး။ ထောက်ပို့လမ်းကြောင်းတွေကိုတော့ တော်တော်များများ သူတို့လည်း လာဖို့ခက်မယ်။ ဒါပေမဲ့ ဒီကြားထဲမှာ သွားလာနေတာတော့ သူတို့ ဒီလမ်းကြောထဲ ဒီထဲကို ဝင်လာတယ်။ ဆင်းလာတယ် ဆိုရင်တော့ ထိခိုက်မှုတွေ ပြတ်တောက်တာတွေ လွတ်လွတ်လပ်လပ် သွားလာလို့မရနိုင်တာတွေ ရှိနိုင်ပါတယ်”လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်စိုးမိုးထားပေမဲ့ ချင်းမြောက်ပိုင်းနဲ့ ချင်းတောင်ပိုင်းအကြား တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေဟာ သိသိသာသာ ပြောင်းလဲသွားတာမျိုး မရှိသေးဘူးလို့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က ဆူရ်ဘုန်လေဆိပ်ကို လေကြောင်းကြားစခန်းအဖြစ် အသုံးချပြီး ချင်းပြည်နယ်မှာ အင်အားဖြည့်တင်းကာ တိုက်စစ်ဆင်လာနိုင်တာကြောင့် စစ်ရေးအရှိန်ဟာ ပိုမိုမြင့်တက်လာဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013