
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်းလီရွာက စစ်အာဏာရှင်တပ်စခန်းကုန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဧပြီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ခွန်းလီရွာက စစ်တပ်စခန်းကို ဧပြီ ၁၄ ရက် မနက်ပိုင်းကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တောင်ကုန်းပေါ်က စခန်းကို ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
CNDF တာဝန်ရှိသူက “အခိုင်အမာစခန်းတော့ မဟုတ်ဘူး စစ်ကြောင်းထိုးလာပြီး စစ်ကြောင်းက ရှေ့ဆက်မသွားနိုင်တော့လို့ အထိုင်ချလိုက်တဲ့စခန်းပါ၊ အဲဒီစခန်းကို CC ရယ် CB ရယ်ပေါင်းပြီး စစ်ဆင်ရေး လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဘက်က စခန်းကုန်းမှာရှိတဲ့ တပ်ကုန်းတခုကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ စကစဘက်ကတော့ ဒရုန်းတွေရော လေယာဉ်တွေရောသုံးပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ CNA၊ CNDF၊ CDF-ဇိုတုန် နဲ့ CDF–ဟွာငိုရမ်တို့က ရဲဘော်တယောက်စီ စုစုပေါင်း ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီစခန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက တီးတိန်မြို့နယ် သိုင်းငင်ဘက်ကနေ ဖလမ်းမြို့နယ်ဘက်ကို ထိုးလာတဲ့ စစ်ကြောင်းက အထိုင်ချထားတဲ့စခန်း ဖြစ်ပါတယ်။
အဲဒီစခန်းမှာ စစ်အာဏာရှင် တပ်သား အယောက် ၃၀၀ ကျော် အခြေချထားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုမှာတော့ လက်နက် ၂၄ လက်နဲ့ ခဲယမ်း၊ စတားလင့်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖလမ်းမြို့နယ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်တော့ ဖလမ်းမြို့ကို ပြန်လည်ရယူဖို့အတွက် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။










