DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တပ်က ထီးချိုင့်၊ ဖလမ်းနှင့် ကသာတို့ရှိ စစ်ရှောင် Non CDM များကို မပြန်မနေရ အမိန့်ထုတ်
DVB
·
May 14, 2026
Photo : CINCDS
Photo : CINCDS
Donate to DVB

အာဏာရှင်စစ်တပ်က ထီးချိုင့်၊ ဖလမ်းနဲ့ ကသာမြို့နယ်တို့က အဝေးရောက်နေတဲ Non CDM စစ်ရှောင်ဝန်ထမ်းတွေကို မေလ ၁၆ ရက်မှာ ရုံးဌာနတွေကို အပြီးပြန်လာဖို့ အမိန့်ထုတ်ထားတယ်လို့ Non CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

တိုက်ပွဲတွေဖြစ်ကတည်းက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာနေတဲ့ ထီးချိုင့်၊ ဖလမ်း နဲ့ ကသာမြို့နယ်တွေက Non CDM တွေ အုပ်ချုပ်ရေးပြန်လည်တည်ဆောက်ဖို့အတွက် ဆင့်ခေါ်တာလို့ ထွေအုပ်ရုံးမှ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“၉ ရက်နေ့က မြို့တည်ဆောက်ရေးပါသွားတာ၊ ငွေကြေးမတက်နိုင်လို့ စစ်ကိုင်းမြို့ပေါ်မှာ ရှောင်နေတဲ့ ဝန်ထမ်းတွေ။ ဦးစီးအရာရှိ၊ မြို့နယ်ဦးစီးမှူးတွေက တိုက်ပွဲတွေဖြစ်တယ်ဆို မန္တလေးနဲ့နေပြည်တော်ကို ပြေးတယ်။ တတ်နိုင်တဲ့သူက ရန်ကုန်ကိုပြေးတယ်။ အခုပြန်ခေါ်တာ မြိုနယ်ရုံးက အရာရှိအဆင့်တွေများတယ်။” 

ဧပြီ ၂၅ ရက်က ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာရှင်စစ်တပ်က ထိန်းချုပ်လိုက်တယ်ဆိုပေမဲ့ တိုက်ပွဲတွေ ကြိုးကြားဖြစ်နေတဲ့အတွက် ဝန်ထမ်းအချို့ တာဝန်ထမ်းဆောင်ဖို့ မလာကြတာလို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“ဖလမ်းကို စစ်တပ်အပြည့်အဝ ထိန်းချုပ်လိုက်တယ်လို့ ပြောပေမဲ့ အချို့နေရာတွေမှာ အခုချိန်ထိ တိုက်ပွဲတွေကြိုးကြားဖြစ်နေတုန်း၊ ကိုယ်တွေပြန်မှ တိုက်ပွဲတွေပြန်ဖြစ်ရင် ထပ်ပြေးနေရမှာကြောက်လို့ ဝန်ထမ်းတွေက အခြေအနေစောင့်ကြည့်ပြီး မပြန်ကြသေးတာ။” 

နယ်မြေတခုကို သေချာပိုင်နိုင်အောင် မထိန်းချုပ်နိုင်သေးဘဲ စစ်တပ်က ဝန်ထမ်းတွေကို ပြန်ခေါ်တာဟာ ကိုယ်လူကို ကိုယ်သတ်သလို ဖြစ်နေပြီး ဌာနဆိုင်ရာအကြီးအကဲတွေကလည်း မိမိရာထူးတည်မြဲရေးအတွက်သာ လုပ်ဆောင်နေကာ တိုက်ပွဲဖြစ်လာပါက ထောက်ပံ့မယ့်သူမရှိကြောင်း ထီချိုင့်မြို့ ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“စစ်တပ်က မြို့ကိုအခုသိမ်းပြီး မြို့ကို ချက်ချင်းတည်ဆောက်ချင်လို့မရဘူး။ နယ်မြေအေးချမ်းအောင် သုံးလ လေးလလောက်လုပ်ပြီးမှ ပြန်ဝင်ခိုင်းရမှာ။ နောက်မို့ဆို တိုက်ပွဲဖြစ်လာရင် ကိုယ်ဝန်ထမ်းကိုယ်သတ်သလို ဖြစ်သွားမှာပေါ့။ ကျမတို့ဆို ထီးချိုင့်မှာ ၂၀၂၃ က တိုက်ပွဲဖြစ်လို့ ကသာကိုပြေးတယ်၊ တနှစ်ကြာတော့ ကသာမှာတိုက်ပွဲထပ်ဖြစ်တယ်၊ ခဏခဏပြေးနေရလို့ ထပ်မပြေးချင်တော့ဘူး။ တိုက်ပွဲတွေဖြစ်လို့ ပြေးရရင်လည်း ဘယ်သူမှ ထောက်ပံ့တာမဟုတ်ဘူး။” 

အာဏာရှင်စစ်တပ်ရဲ့ ညွှန်ကြားစာထဲမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားတဲ့ အဝေးရောက် ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ မြို့တွေပြန်လည် ထိန်းချုပ်ပြီးတာကြောင့် မိမိတာဝန်ကျတဲ့ ရုံးဌာနတွေနဲ့ မေ ၁၆ ရက် နောက်ဆုံးဆက်သွယ်ဖို့ ပါရှိပါတယ်။

မန္တလေး၊ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူး၊ နန့်စီးအောင်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတလျှောက်ရှိ မြို့ရွာတွေကို အာဏာရှင်စစ်တပ်က အုပ်ချုပ်ရေးယန္တရား ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013