
ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားနိုင်ငံက လူသားချင်းစာနာအကူအညီအဖြစ် ဒေါ်လာ ၂ သန်း တန်ကြေးရှိတဲ့ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ ထပ်မံပြီးတော့ ပေးပို့သွားဖို့ ရှိနေတယ်လို့ KBS World သတင်းမှာ ဧပြီ ၈ ရက်က ဖော်ပြပါတယ်။
ငလျင်ဒဏ်သင့်သူတွေကို ကူညီဖို့အတွက် ရွက်ဖျင်တဲအလုံး ၅၀၀ လောက်၊ ရေသန့်ဘူးအလုံး ၄,၀၀၀ နဲ့ စောင်အထည် ၈၀,၀၀၀၀ လောက်ကို ပေးပို့သွားမှာဖြစ်ပြီး ဒါဟာ တောင်ကိုရီးယားအစိုးရရဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ဒုတိယအကျော့အဖြစ် ပေးအပ်တာဖြစ်ပါတယ်။
အစောပိုင်းကာလတုန်းကလည်း တောင်ကိုရီးယားအစိုးရအနေနဲ့ ငလျင်အပြီး အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် ကြက်ခြေနီကတဆင့် ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့အရေးမှာ အမြဲတမ်းကူညီပေးနေတဲ့ ကိုရီးယားနိုင်ငံက မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယားအနုပညာရှင်တွေနဲ့ အဆိုတော် အိုင်ဒေါတွေက ငလျင်ဘေးအတွက် နိုင်ငံတကာအဖွဲ့တွေကနေတဆင့် ငွေကြေးတွေ လှူဒါန်းခဲ့ကြသလို ဟန်ဆောင်းတက္ကသိုလ်ကလည်း မြန်မာ့ငလျင်ဒဏ်သင့် ဒေသတွေက ကျောင်းသားတွေကို ပညာသင်ဆုပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
Source: KBS World