DVB Logo
Home
မြန်မာသတင်း
မြန်မာကျားဖြန့်ရာဇဝတ်ဂိုဏ်းများဆီ ဂျပန်လူငယ်များ ပိုမိုသွေးဆောင်ခံရမည်ကို စိုးရိမ်
DVB
·
April 9, 2025
မြန်မာကျားဖြန့်ရာဇဝတ်ဂိုဏ်းများဆီ ဂျပန်လူငယ်များ ပိုမိုသွေးဆောင်ခံရမည်ကို စိုးရိမ်
Donate to DVB

မြန်မာကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေဆီ ဆယ်ကျော်သက်လူငယ်တွေ ပိုမိုပြီးတော့ သွေးဆောင် ဖြားယောင်းခံရမှာကို စိုးရိမ်နေတဲ့အကြောင်း The Mainichi ဂျပန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒါဟာ မြန်မာနိုင်ငံဘက်က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ ဂျပန်ဆယ်ကျော်သက် အထက်တန်း ကျောင်းသား ၂ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီးနောက် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

ကယ်တင်နိုင်ခဲ့တဲ့ ဂျပန်ဆယ်ကျော်သက် ၂ ယောက်ကတော့ အိုင်အိချီစီရင်စုက အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားနဲ့ မီယာဂီစီရင်စုက အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတို့ ဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထိုင်းအာဏာပိုင်တွေက ကယ်တင်ပြီး ဂျပန်နိုင်ငံကို ပြန်ပို့ပေးနိုင်ခဲ့တာပါ။

သူတို့ထဲက တယောက်ဖြစ်တဲ့ အိုင်အိချီစီရင်စုနေ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားက ကျားဖြန့်ဂိုဏ်းမှာ ပြောစကား နားမထောင်ရင်၊ ခွဲတမ်းအလုပ်မပြည့်မီရင် လျှပ်စစ်ကျဉ်စက်နဲ့ နှိပ်စက်ခံခဲ့ရတယ်လို့ ဂျပန်ရဲအရာရှိတွေကို ပြောကြားခဲ့ကြောင်း ဂျပန်သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

အသက် ၁၆ နှစ်အရွယ် ဂျပန်လူငယ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဝန်းကျင်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး မိသားစုဝင်တွေဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပြီးနောက် သူ့ရဲ့ တည်နေရာဟာ မြဝတီမှာ ရှိနေတဲ့အကြောင်း ပေါ်ထွက်လာခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံ ဂျပန်သံရုံးနဲ့ ထိုင်းရဲဌာနတို့ ပူးပေါင်းကယ်တင်နိုင်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ဂျပန်ကို လေယာဉ်နဲ့ ပြန်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အထက်တန်းကျောင်းသား ၂ ယောက်ဟာ ဂျပန်နိုင်ငံကို လိမ်လည်ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်စေခဲ့တယ်လို့ ယူဆရပြီး အဆိုပါကျောင်းသား ၂ ယောက်ရဲ့ ထွက်ဆိုချက်အရ တခြား ဂျပန်လူမျိုး အနည်းဆုံး အယောက် ၂၀ ကျော်မှ ၁၀၀ ခန့်အထိ ခိုင်းစေခံနေရတယ်လို့ ယူဆရကာ ဂျပန်ရဲဌာန အာဏာပိုင်တွေက အဆိုပါအမှုကို ဆက်လက်စုံစမ်းနေကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် တရုတ် ရာဇ၀တ်အဖွဲ့အစည်းတခုက ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံဘက်ခြမ်းမှာ အမာခံနယ်မြေတခု ထူထောင်ထားတယ်လို့ ယုံကြည်ရပြီး အဲဒီမှာ နိုင်ငံခြားသား ၁၀,၀၀၀ လောက်ကို လူကုန်ကူးဖမ်းဆီးထားကာ ကျားဖြန့် အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဂျပန်အမျိုးသားရဲအေဂျင်စီရဲ့ အဆိုအရ  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်ကနေ အချိန် ၄ လတာအတွင်းမှာ တရားမဝင်အလုပ်တွေမှာ ဖြားယောင်းသွေးဆောင်ခံရတဲ့ အမှုပေါင်း ၂၄၈ မှုအထိ ရှိခဲ့ပြီး ၁၀ မှုက နိုင်ငံရပ်ခြား ခရီးသွားခြင်းနဲ့ ပတ်သက်နေကာ ထက်ဝက်ကျော်ကတော့ ဆယ်ကျော်သက်အရွယ်ကနေ ၂၀ ဝန်းကျင် အပိုင်းအခြား အသက်အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လတုန်းက ကျာဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဆီ လူကုန်ကူးခံခဲ့ရတယ်လို့ ယူဆရတဲ့ ဂျပန်နိုင်ငံသား အယောက် ၂၀ လောက်ရဲ့ တည်နေရာတွေကိုလည်း ခုချိန်ထိ မသိရသေးဘူးလို့လည်း ဖော်ပြပါတယ်။

အိုင်အိချီ စီရင်စုနယ်မြေက အကြီးတန်း ရဲအရာရှိတယောက်ကတော့ ရာဇ၀တ်ဂိုဏ်းတွေဟာ ကြီးမားတဲ့ အဖွဲ့အစည်းတခုအောက်က မဟုတ်ဘဲ လူသစ်စုဆောင်းသူတွေ၊ ငွေကြေးခဝါချသူတွေလို မတူညီတဲ့ အုပ်စုတွေ ခွဲပြီး ကွန်ရက်သဖွယ် လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

တခြားရဲအရာရှိတယောက်ကတော့ ဒီကိစ္စမှာ နိုင်ငံရပ်ခြားက ရဲတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိဖို့ မလွယ်သလို ကျားဖြန့်ဂိုဏ်းတွေဆီ လူကုန်ကူးခံရပြီး နိုင်ငံရပ်ခြားရောက်ရှိသွားပြီး ခြေရာခံဖို့ ပျောက်သွားတာနဲ့ သူတို့ရဲ့ တည်နေရာကို ရရှိနိုင်ဖို့ ခက်ခဲသွားပြီဖြစ်တယ်လို့ ပြောပါတယ်။

Source : The Mainichi

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013