DVB Logo
Home
Lead Story
ကမ္ဘောဒီးယား ကျားဖြန့်စခန်းကို စစ်ဆေး၊ ကလီစာများ ခွဲထုတ်ရောင်းချသော ခွဲစိတ်ခန်း တွေ့ရှိ 
DVB
·
September 8, 2026
Photo: The Nation
Photo: The Nation
Donate to DVB

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ တိုက်ပွဲတွေအတွင်း ထိုင်းစစ်တပ်ဘက်က တိုက်ခိုက် ထိန်းချုပ်ခဲ့တဲ့ ကမ္ဘောဒီးယား ကျားဖြန့်စခန်းကြီးတခုကို ထိုင်းစစ်တပ်က နိုင်ငံတကာအဖွဲ့အစည်းနဲ့ သတင်းထောက်တွေပါ ခေါ်ယူပြီး စက်တင်ဘာ ၇ ရက်က ထပ်မံသွားရောက် စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါနေရာမှာ ထိုင်းနိုင်ငံ၊ စူရင်းခရိုင်၊ ချောင့်ကျွမ်းမြို့နယ်၊ ကပ်ချွန်းဒေသ နှစ်နိုင်ငံ နယ်စပ်ဂိတ်အနီးမှာ တည်ရှိပြီး ကမ္ဘောဒီးယားဘက်ကတော့ အိုစမစ်ဒေသလို့ ခေါ်ဆိုပါတယ်။

အဲဒီနေရာကို ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းက တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီး အရင်က ထိုင်းသတင်းထောက်တွေသာ ခေါ်ယူစစ်ဆေးခဲ့ပေမဲ့ ခုတကြိမ်မှာတော့ ထိုင်းလေတပ် ဒုကာကွယ်ရေးဦးစီးချုပ်နဲ့  ထိုင်း–ကမ္ဘောဒီးယား အခြေအနေ သတင်းအချက်အလက်စင်တာ (JIC) ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ လေတပ်ဒုတိယဗိုလ်ချုပ်ကြီး ပရဖတ် ဆွန်ဂျိုင်ဒီ ကိုယ်တိုင် ဦးဆောင်ကာ  အာဆီယံ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (AOT) နဲ့ နိုင်ငံတကာသတင်းထောက်တွေပါ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

အဲဒီနေရာမှာ အကျယ်အဝန်း ၅၀၀ Rai (ဧက ၂၅၀) ခန့် ကျယ်ဝန်းပြီး အဆောက်အအုံပေါင်း ၁၅၇ ခု ရှိတယ်။ လူနေတိုက်ခန်း၊ ကာစီနိုရုံ၊ စားသောက်ဆိုင်၊ စစ်စခန်း စသဖြင့် နေရာအလိုက် ဇုန်တွေ သတ်မှတ်ထားပြီး  အွန်လိုင်းလိမ်လည်မှုလုပ်ငန်း အသုံးချ အဆောက်အအုံ ၂၉ ခု ပါရှိတယ်။

အွန်လိုင်းလိမ်လည်ဇုန်မှာ သားကောင်တွေနဲ့ ဆက်သွယ်တဲ့ ကွန်ပျူတာခန်း၊ သူတို့ လိမ်လည်ပြောဆိုရမဲ့ ဇာတ်လမ်းဆင်ထားတဲ့ စာမူတွေ၊ အဆင်အပြင်စုံလင်တဲ့ ရဲစခန်းအတု၊ ဘဏ်အတုတွေရှိပြီး တရုတ်၊ ဘရာဇီး၊ စင်ကာပူ၊ ဩစတြေးလျ၊ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံတကာ ရဲယူနီဖောင်းအတုတွေ အဝတ်လဲခန်းတွေပါ ပါရှိတယ်လို့ ဆိုပါတယ်။

၄ ထပ်တိုက်ရဲ့ အောက်ဆုံးထပ်မှာ မြေအောက်ခန်းရှိပြီး ကျားဖြန့်လုပ်ငန်း စည်းကမ်းမလိုက်နာသူ၊ ဖီဆန်သူတွေကို ချုပ်နှောင်ထားတဲ့နေရာ ဖြစ်တယ်၊ အခန်းကျဉ်းထဲမှာ အိမ်သာမရှိဘဲ ကျင်ငယ်စွန့်ဖို့ ပုလင်းတွေ ချထားပေးတယ်၊ အဆိုပါအခန်းထဲမှာ နှိပ်စက်စစ်ဆေးတဲ့ လျှပ်စစ်ကုလားထိုင်တွေ၊ ကျင်စက်တွေနဲ့ စီစီတီဗီကင်မရာပါ တပ်ဆင်ထားပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးမှာ ခေတ်မီဆေးဝါးကုသရေး ကိရိယာတွေပါတဲ့ ဆေးရုံဖြစ်တယ်။ လူနာခုတင်တွေ ရှိတယ်။ နာမကျန်းဖြစ်တဲ့ တရုတ်သူဌေးတွေ၊ နှိပ်စက်ခံရပြီး အပြင်းအထန် ဒဏ်ရာရသူတွေကို ကုသတဲ့နေရာ ဖြစ်တယ်။ နောက် ခွဲစိတ်ခန်းတခုမှာ ကိရိယာစုံလင်ပြီး သေလုမြောပါးလူနာ၊ သေဆုံးသွားသော လူနာတွေရဲ့  ကျောက်ကပ်၊ နှလုံး အစရှိတဲ့ ကလီစာတွေ ခွဲထုတ်ယူပြီး ရန်ပုံငွေအဖြစ် ပြန်လည်ရောင်းချတယ်လို့ တာဝန်ရှိသူတွေက ယူဆကြပါတယ်။

လေတပ်ဒုတိယဗိုလ်ချုပ်ကြီး ပရဖတ် ဆွန်ဂျိုင်ဒီက “ထိုင်းစစ်တပ်အနေနဲ့ အဲဒီစခန်းကို တိုက်ခိုက်ထိန်းချုပ်တာဟာ ကမ္ဘောဒီးယားနယ်မြေကို သိမ်းယူတာမဟုတ်ဘဲ ကျားဖြန့်စခန်းကို နှိမ်နင်းဖို့သာ ဖြစ်တယ်။ ကျားဖြန့်လုပ်ငန်းဟာ အမျိုးသားလုံခြုံရေးအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်တယ်။ ဒါ့အပြင် ကမ္ဘောဒီးယားစစ်သားတွေဟာ အဲဒီအဆောက်အအုံတွေကနေ ထိုင်းဘက်ခြမ်းကို စနိုက်ပါတွေ၊ ဒရုန်းတွေ၊ ဗုံးတွေနဲ့ ပစ်ခတ်လို့ ထိုင်းစစ်သားနဲ့ ပြည်သူတွေ အိုးအိမ်တွေ ထိခိုက်ဆုံးရှုံးခဲ့ရတယ်၊ ဒါကြောင့် တိုက်ခိုက်ထိန်းချုပ်ရတာလို့ သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီနေရာကို ထိုင်းက ထိန်းချုပ်ထားပေမဲ့ ကမ္ဘောဒီးယားဘက်က အရပ်သားအနေနဲ့ ချဉ်းကပ်လာပြီး မီးမောင်းထိုးတာ၊ မှန်ပြောင်းနဲ့ကြည့်တာ၊ သတင်းမှားတွေ ထုတ်ပြန် ရန်စတာတွေ ရှိတယ်၊ ဒါကြောင့် ပလတ်စတစ်အနက်ရောင်တွေနဲ့ ကာရံထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: Matichon / Bright TV / MCOT News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013