
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမြို့တော် ကင်ရှာဆာမှာ ဒီသီတင်းပတ်ကုန်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှုပြင်းထန်လို့ လူပေါင်းဒါဇင်ချီ သေဆုံးခဲ့ရပြီး အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အပြင် ရေလွှမ်းမိုးမှုအပြီးမှာလည်း မြို့တော်မှာ အပျက်အစီးများစွာ ထိခိုက်ခဲ့ရပါတယ်။
လူဦးရေ ၁၇ သန်းလောက်ရှိတဲ့မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ဂျီလီမြစ်ဟာ သောကြာညပိုင်းမှာ ကမ်းပါးတွေ ပြည့်သွားတဲ့အထိ လျှံတက်လာခဲ့တာကြောင့် အမျိုးသား ကားလမ်းမကြီး ပိတ်ဆို့သွားခဲ့ရပြီး စနေနေ့ ညနေပိုင်းကတည်းက ယာဉ်မောင်းတွေ သောင်တင်နေခဲ့ရပါတယ်။
ရေဘေးဒုက္ခသည် ပဲရ်ဆိုက်ဒီနုန်ဒူဟာ သူ့မိသားစုနဲ့အတူ ရေထဲမှာ ၇၂ နာရီကြာအောင် ပိတ်မိနေခဲ့ပြီး စားလို့လည်းမရ၊ ပစ္စည်းတွေ အားလုံးကိုလည်း ဆုံးရှုံးခဲ့ရကြောင်း ရိုက်တာကို ပြန်ပြောပြပါတယ်။
သူ့အိမ်နီးချင်း ဒေါကပ်စ် ကတွန်ဘာကလည်း ရေဖိအားကြောင့် ခေါင်မိုး ပြိုကျသွားပြီး နံရံတွေလည်း ပြိုကျကုန်လို့ ခြံဝင်းက ရေကူးကန်လို ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဒီရေကြီးမှုကြောင့် လူအတော်များများ သေကုန်ကြပြီး ရေအောက်ထဲမှာ လူတွေရှိနေတုန်းပဲ လို့လည်း ပြောပါတယ်။
ဗဟိုအာဖရိကနိုင်ငံအတွက် ထိခိုက်လွယ်တဲ့ အခိုက်အတန့်မှာပဲ ရေကြီးရေလျှံမှု ဖြစ်လာခဲ့တာပါ။
ရဝမ်ဒါ ကျောထောက်နောက်ခံပြု M23 သူပုန်တွေဟာ အခုနှစ် အစပိုင်းကတည်းက ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေတဲ့ နိုင်ငံအရှေ့ဘက်မှာ ထိုးစစ်ကို အရှိန်မြှင့်ခဲ့ပြီး အခုနှစ် ပထမ ၂ လအတွင်း တိုက်ပွဲတွေမှာ လူပေါင်း ၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Source : Reuters