DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးကြုံတွေ့နေရချိန် ပြစ်တင်ဝေဖန်ခံရမှု အလွန်ဝမ်းနည်းဟု စစ်ကောင်စီထုတ်ပြန် 
DVB
·
April 8, 2025
သဘာဝဘေးကြုံတွေ့နေရချိန် ပြစ်တင်ဝေဖန်ခံရမှု အလွန်ဝမ်းနည်းဟု စစ်ကောင်စီထုတ်ပြန် 
Donate to DVB

သဘာဝဘေးနဲ့ ကြုံတွေ့နေရချိန်မှာ နိုင်ငံတချို့ရဲ့ အပ်ကြောင်းထပ်နေတဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဆက်လက်ရင်ဆိုင်နေရတာဟာ  လွန်စွာ ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဧပြီ ၄ ရက်က ကျင်းပပြီးစီးသွားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်‌မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ ကမ္ဘာ့နိုင်ငံတွေက စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်ဗုံးကြဲ၊ ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ထောက်ပြဝေဖန်ပြီး မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တုံ့ပြန်လိုက်တာပါ။

အခုအချိန်မှာ မြန်မာပြည်သူတွေ အမှန်တကယ် လိုအပ်နေတာဟာ ကူညီဖေးမမှု၊ အကူအညီ၊ အပြုသဘောဆောင်တဲ့ ထိထွေ့ဆောင်ရွက်မှုနဲ့ တသားတည်း ဖြစ်မှုတို့သာဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ နိုင်ငံရေးသွတ်သွင်းတဲ့ ဆုံးဖြတ်ချက် အဆိုကို အလိုမရှိပါ။ မြန်မာနိုင်ငံအနေနဲ့ ဆယ်စုနှစ် ၃ ခုကျော်ကြာပြီဖြစ်တဲ့ အထူးအစီရင်ခံစာတင်သွင်းသူလို လက်တွေ့တန်ဖိုးကင်းမဲ့ပြီး ထိရောက်မှုမရှိတဲ့ လုပ်ပိုင်ခွင့်တွေကို အဆုံးသတ်ဖို့ စစ်ကောင်စီက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

အခုလို သဘာဝဘေးကြောင့် အခက်အခဲ ကြုံတွေ့နေရတဲ့ကာလမှာ မျှတ လက်တွေ့ ဆန်တဲ့ ချဉ်းကပ်မှုနဲ့ မြန်မာနိုင်ငံရဲ့ သဘာဝဘေးတုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးပေးဖို့နဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိဖို့လည်း ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂကို မြန်မာပြည်သူတွေနဲ့ တသားတည်းရှိဖို့  စစ်ကောင်စီက တိုက်တွန်းနေပေမဲ့  ငလျင်ဘေးသင့် ဒေသတွေ အပါအဝင် နိုင်ငံအနှံ့အပြားမှာ အရပ်သားပြည်သူလူထုတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် စစ်ကြောင်းထိုးတာတွေ မရပ်မနား ပြုလုပ်နေပါတယ်။

ဒါ့အပြင် သေဆုံး၊ ဒဏ်ရာရသူပေါင်း ၁၀,၀၀၀ ကျော်ရှိလာပြီဖြစ်တဲ့ အင်အားပြင်းငလျင်ဘေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေက အားသွန်ခွန်စိုက် ကူညီပေးနေကြပေမဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီတပ်တွေက အမျိုးစုံ ကန့်သတ်တားဆီးမှုတွေ လုပ်နေသလို ထိထိရောက်ရောက် အကူအညီတွေလည်း ပေးတာ မတွေ့ရသေးပါဘူး။ 

စစ်ကောင်စီကတော့ အဖွဲ့ဝင် ၄၃ ယောက် ပါဝင်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအနေနဲ့ အရေးပေါ် တုံ့ပြန်မှုတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဦးစီးလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ကုလသမဂ္ဂနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းရဲ့ အပြုသဘောဆောင် ထိတွေ့ ဆောင်ရွက် ပံ့ပိုးမှုတွေကို ကြိုဆိုတယ်၊ အရေးပေါ်ကာလမှာ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း ပြသ၊ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြတဲ့ ကုလသမဂ္ဂအေဂျင်စီတွေ၊ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်တယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက  ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013