အမေရိကန်သမိုင်းမှာ ပထမဆုံး မွတ်စလင် အထက်လွှတ်တော် ဆီးနိတ်အမတ် ဖြစ်လာနိုင်တယ်လို့ ရေပန်းစားနေသူ အဗ္ဗဒူလ် အယ်လ်ဆေယက်ဒ်ကို တပြည်နယ်တည်းက ပါတီတူ ဒီမိုကရက် အောက်လွှတ်တော်အမတ်တယောက်က ကျောခိုင်းပြီး ရီပတ်ဘလစ်ကန်ပြိုင်ဘက်ကိုသာ ထောက်ခံလိုက်ပါတယ်။
အယ်လ်ဆေယက်ဒ်ဟာ နိုဝင်ဘာ ၃ ရက် မီရှီဂန်ပြည်နယ် အထက်လွှတ်တော်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်အမတ်လောင်း မိုက်ခ်ရော်ဂျာစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။
နိုဝင်ဘာ ၁ ရက်မှာ ဒီမိုကရက် အောက်လွှတ်တော်အမတ် ဟေလီစတီဗင်စ်က ရော်ဂျာစ်ကို ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။
စတီဗင်စ်ဟာ ဒီမိုကရက်ပါတီရဲ့ အထက်လွှတ်တော်အမတ်လောင်း ရွေးချယ်ပွဲမှာ အယ်လ်ဆေယက်ဒ်ကို ရှုံးနိမ့်ထားသူလည်း ဖြစ်ပါတယ်။
အယ်လ်ဆေယက်ဒ်က သူ့ကို မဲဆွယ်စည်းရုံးရေးမှာ မလိုလားခဲ့ဘူးလို့ စတီဗင်စ်က ပြောပါတယ်။ “ဒါကြောင့် မိုက်ခ်ရော်ဂျာစ်ကို ကျမ ထောက်ခံပါတယ်” လို့ ကြေညာခဲ့ပါတယ်။
သူတို့ ၂ ယောက်အကြား အငြင်းပွားမှုဟာ အစ္စရေးကို အမေရိကန်ရဲ့ ထောက်ပံ့မှုနဲ့ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ဆက်စပ်ဖော်ပြထားတဲ့ ပြင်ပအဖွဲ့တခုရဲ့ မဲဆွယ်ကြော်ငြာကြောင့် ပိုမိုပြင်းထန်လာတာပါ။
အယ်လ်ဆေယက်ဒ်ကတော့ အဲဒီကြော်ငြာဟာ သူ့မဲဆွယ်အဖွဲ့နဲ့ မသက်ဆိုင်သလို ကြော်ငြာပါ အကြောင်းအရာတွေကိုလည်း သဘောမတူဘူးလို့ ပြောပါတယ်။
အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် ချက်ခ်ရှူးမားက စတီဗင်စ်ရဲ့ ဆုံးဖြတ်ချက်ကို “စက်ဆုပ်ဖွယ် သစ္စာဖောက်မှု” လို့ ပြစ်တင်ခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ စတီဗင်စ်ကို သတ္တိရှိသူလို့ ချီးကျူးခဲ့ပြီး ရီပတ်ဘလီကန်ပါတီထဲ ဝင်ရောက်စေချင်တယ်လို့ ပြောပါတယ်။
အခု မီရှီဂန်ရွေးကောက်ပွဲဟာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီတို့ကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမဲ့ ပြိုင်ပွဲတခုဖြစ်ပြီး အထက်လွှတ်တော်ကို ဘယ်ပါတီက ထိန်းချုပ်မလဲ ဆိုတာအတွက်လည်း အရေးပါနေပါတယ်။
Source: Reuters











