
အမေရိကန်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲအတွင်း ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံတဲ့အနေနဲ့ အီလွန်မတ်စ်ခ်က ဒေါ်လာသန်း ၄၅၀ နီးပါးအထိ အသုံးပြုခဲ့ပါတယ်။
အဲဒီပမာဏက ရွေးကောက်ပွဲတခုအတွက် ငွေကြေးသုံးစွဲမှုအများဆုံး ဖြစ်ပေမဲ့လည်း ဒီမိုကရက်ပါတီရဲ့ သောင်ပြိုကမ်းပြို အနိုင်ရမှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
ဒါ့အပြင် တက္ကဆက်ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်နေရာအတွက် ဒီမိုကရက်တယောက် ဖြစ်တဲ့ ဂျိမ်းစ် တာလာရီကိုက ရီပတ်ဘလစ်ကန် ကိုယ်စားပြု ကန် ပက်စ်တန်ကို အနိုင်ယူသွားတဲ့ ဖြစ်ရပ်ဟာ ထူးခြားပါတယ်။
ဘာကြောင့်လဲဆိုရင် ပက်စ်တန် အနိုင်ရဖို့အတွက် မတ်စ်ခ်က ဒေါ်လာ ၄၅ သန်းထက် မနည်းတဲ့ ပမာဏကို သုံးစွဲခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။
အလားတူ မကြာသေးတဲ့ နှစ်ပိုင်းတွေမှာ ကယ်လီဖိုးနီးယားပြည်နယ်က မတ်စ်ခ်ရဲ့ Tesla နဲ့ Space X ကုမ္ပဏီရုံးချုပ်တွေကို တက္ကဆက်ပြည်နယ်ဆီ ပြောင်းရွှေ့ခဲ့တဲ့အချက်ကြောင့် ရွေးကောက်ပွဲနိုင်ဖို့ လိုအပ်နေခဲ့တာပါ။
အခုလိုမျိုး မတ်စ်ခ်အတွက် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျစေခဲ့တဲ့ တခြားရွေးကောက်ပွဲတွေထဲမှာ အရီဇိုးနား၊ မစ်ရှီဂန်၊ ဝစ်ကွန်ဆင်နဲ့ မင်နီဆိုးတား ပြည်နယ်တွေလည်း ပါဝင်နေပါတယ်။
နိုဝင်ဘာ ၂ ရက်အထိ ဆက်လက်ထောက်ပံ့နေခဲ့တာ တွေ့ရပေမဲ့လည်း ၃ ရက်နေ့ည ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာချိန်မှာတော့ မတ်စ်ခ်က အရှုံးကို လက်ခံလိုက်ပုံရပါတယ်။
အဲဒီနောက် X လူမှုကွန်ရက်ပေါ်မှာ မတ်စ်ခ်က “ရွေး ကောက်ပွဲကို ဝင်စွက်ဖက်နိုင်ဖို့ အသုံးပြုခဲ့တဲ့ အာကာသလေဆာတွေ အလုပ်မဖြစ်ခဲ့ဘူး” ဆိုပြီး နောက်ပြောင်ထားပါတယ်။
အခုတပတ်အတွင်း ရီပတ်ဘလစ်ကန် အမတ်နေရာ အများအပြား ဆုံးရှုံးခဲ့ရတဲ့အလျောက် မတ်စ်ခ်နဲ့အတူ သူ့စီးပွားရေးလုပ်ငန်းတွေမှာပါ ကြီးမားတဲ့သက်ရောက်မှု ရှိလာနိုင်ပါတယ်။
လက်ရှိ ထရမ့်ပ်ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်း စတင်ပြီးချိန်ကတည်းက SpaceX ကုမ္ပဏီဟာ ခန့်မှန်းခြေ ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိတဲ့ အစိုးရကန်ထရိုက် စာချုပ်အသစ်တွေကို လုပ်ကိုင်ခွင့် ရထားပါတယ်။
ဒါကြောင့်ပဲ အဲဒီကုမ္ပဏီဟာ အစိုးရပိုင်းနဲ့ အမျိုးသားလုံခြုံရေး ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်မှု ကျယ်ပြန့်လာသလို ပိုပြီးလည်း ကြီးထွားလာတဲ့အလျောက် ဒါကို စုံစမ်းစစ်ဆေးသင့်တယ်ဆိုပြီး ဒီမိုကရက်အမတ်တွေက ထောက်ပြထားပါတယ်။
နိုဝင်ဘာ ၄ ရက် မနက်ပိုင်းမှာတော့ နည်းပညာကုမ္ပဏီအများစုရဲ့ ရှယ်ယာဈေး အသီးသီး မြင့်တက်ခဲ့ပေမဲ့လည်း မတ်စ်ခ် ပိုင်ဆိုင်ရာ Tesla နဲ့ SpaceX ကတော့ ၄ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၃ ဒသမ ၄ ရာခိုင်နှုန်းစီ ကျဆင်းသွားတာကို တွေ့ရပါတယ်။
Source: Reuters











