
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို ဧပြီ ၆ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးသီးတွေ ကြဲချခဲ့တာကြောင့် မိသားစုဝင် ၃ ယောက် သေဆုံးကာ ၂ ယောက်ထက်မနည်း ဒဏ်ရာတွေ ရရှိခဲ့ကြသလို လူနေအိမ် ၇ လုံးထက်မနည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတယောက်က “ချောင်းဦးမြို့နယ်၊ အနောက်တောင်ဘက်နားက သုံးပန်လှ(အနိမ့်)ရွာထဲကို စက်တပ်လေထီးနဲ့ ဗုံး ၄ လုံး ကြဲချသွားခဲ့တယ်။ ဗုံးတွေကြဲတော့ ကျန်တဲ့ပြည်သူတွေလည်း ပြေးရတာဗျ။ နောက်ပြီး အဲဒီ စက်တပ်လေထီးက တန်းပြန်မသွားသေးဘဲနဲ့ ဝဲပတ်နေသေးတော့ မီးငြှိမ်းဖို့ဆိုတာ တန်းမလွယ်ကူတဲ့ အခြေအနေ ဖြစ်နေတယ်။ အိမ်တအိမ်ထဲက မောင်နှမ ၃ ယောက်လုံး မီးသင့်ပြီး ဆုံးသွားပါတယ်။ ၂ ယောက်ထက်မနည်း ဒဏ်ရာရပါတယ်။ မီးလောင်ပျက်စီးသွားခဲ့တဲ့ အိမ်တွေကတော့ ၇ လုံးထက်တော့ မနည်းဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ပြည်သူတွေ ငလျင်ဒဏ် အလူးအလဲ ခံစားနေရတဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်တာတွေ ရပ်သင့်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ပြည်သူအပေါ် လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ကို အရေးယူတာတွေ အမြန်ဆုံး ဆောင်ရွက်ပေးကြဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။
အဲဒီ ဗုံးကြဲခံရတာကြောင့် သေဆုံးသွားကြသူတွေဟာ သုံးပန်လှ(အနိမ့်)ကျေးရွာမှာ တအိမ်တည်းနေသူတွေ ဖြစ်ကြတဲ့ အသက် ၆၈ နှစ်အရွယ် ဒေါ်မြတုတ်၊ အသက် ၆၅ နှစ်အရွယ် ဦးဝင်းဇော်ဦးနဲ့ အသက် ၆၃ နှစ်အရွယ် ဒေါ်သန်းနုတို့ မောင်နှမ ၃ ယောက် ဖြစ်ပြီး ဒဏ်ရာတွေ ရရှိခဲ့ကြသူတွေအနက် အသက် ၅၅ နှစ်အရွယ် ဦးစန်းမြင့်နဲ့ အသက် ၄၅ နှစ်အရွယ် ဒေါ်ကြည်ပြာတို့ ၂ ယောက်ကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အခုတလော စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ စက်တပ်လေထီးတွေဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တက်တာ များတယ်။ အဲဒီနေ့ညက ဗုံးကြဲခံလိုက်ရတဲ့ သုံးပန်လှ (အနိမ့်) ရွာကိုလည်း နမခ က တက်လာတဲ့ Paramotor (စက်တပ်လေထီး) ပဲဖြစ်တယ်။ သုံးပန်လှ (အနိမ့်) ရွာထဲကို ပြည်သူတွေ အိပ်နေချိန်မှာ မီးလောင်ဗုံး ၂ လုံးနဲ့ ၁၂၀ မမ ၃ လုံး ကြဲချခံခဲ့ရလို့ လူနေအိမ်တွေ မီးလောင်ခဲ့ရပြီးတော့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးရတာဖြစ်တယ်။ ကျနော်တို့အထင်တော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ချောင်းဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း နေထိုင်နေတယ်လို့ သတင်းအမှားရပြီး အဲဒီရွာကို ဗုံးလာကြဲတာ ဖြစ်နိုင်တယ်။ ဦးမျိုးဝင်း က အဲဒီရွာမှာ အစကတည်းက မနေဘူး။ သူက အခြားတနေရာမှာပါ။ သူတင်မဟုတ်ဘူး၊ PDF နဲ့ ပကဖ ရဲဘော်တွေလည်း အဲဒီရွာတွေဘက်မှာ မရှိသလိုဘဲ တိုက်ပွဲဖြစ်တာလည်း မရှိဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ယာယီအပစ်အခတ် ရပ်စဲမယ်လို့ ကြေညာထားပေမဲ့လည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေနဲ့ လက်နက်ကြီးပစ်တာတွေ တောက်လျှောက်ပြုလုပ်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်မှာ မယုံကြည်ကြဘဲ သတိဝီရိယနဲ့ နေထိုင်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မတ် ၂၈ ရက်က မြန်မာပြည်အလယ်ပိုင်းမှာ အပြင်းအထန် ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ်တယောက်၊ အမျိုးသမီး ၁၅ ယောက် အပါအဝင် ပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။