Home
မြန်မာသတင်း
အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
DVB
·
April 8, 2025
Photo: PDF တပ်ဖွဲ့ဝင်တဦး

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အထက်ပိုင်း နယ်စပ်မျဉ်းအနီးမှာ တည်ရှိတဲ့ အင်းတော်မြို့ကို ဧပြီ ၇ ရက် ညဦးပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ည ၈ နာရီလောက်မှာပဲ အင်းတော်မြို့မှာ နောက်ဆုံး ကျန်နေပြီး သူတို့ဘက်က ခံစစ်လုပ်ထားတဲ့ ဂျပန်လိုဏ်ဂူကို အပြီးသတ် တိုက်ခိုက်နိုင်လိုက်လို့ အင်းတော်မြို့တခုလုံးကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါ အင်းတော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပြင် ABSDF ကျောင်းသားတပ်မတော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လလယ်ပိုင်းက စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၉ လနီးပါးကြာ တိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက “တိုက်ပွဲထဲမှာ နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်။ သူတို့ဘက်ကလည်း ရှိတယ်၊ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ရှိတယ်၊ သူတို့ဘက်ကတော့ များတာပေါ့ဗျာ။ သုံ့ပန်း အရှင်ဖမ်းမိတာတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ပဲ လတ်တလော ပြောလို့ရဦးမယ်။ သူတို့ဘက်က လေကြောင်းတိုက်ခိုက်တာတွေကတော့ တိုက်ပွဲထဲမှာတင် အကြိမ် ၆၀ လောက်ရှိတယ်။ အခုလည်း ဆက်ရှိနေတုန်းပဲ” လို့ အတည်ပြုပြောပါတယ်။

ဧပြီ ၁ ရက်မှာ အဲဒီဂျပန်လိုဏ်ဂူမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လိုဏ်ဂူအပြင်ကို ပြန်ဆုတ်ဖို့ စစ်ကြောင်းထွက်လာတဲ့အတွက် အဆိုပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီးနောက် စခန်းကုန်းတခုလုံးကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အင်းတော်မြို့က ဒေသခံပြည်သူအများစုဟာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အင်းတော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်ချိန်ကတည်းက ဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။

အင်းတော်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ဂျပန်လိုဏ်ဂူဟာ အင်းတော်မြို့နဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းကို ဗျူဟာအရ စိုးမိုးနိုင်တဲ့ နေရာတခု ဖြစ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်နဲ့ ဧပြီ ၂ ရက် မနက် ၁၀ နာရီဝန်းကျင်တွေမှာ အင်းတော်မြို့မဘုန်းကြီးကျောင်းနဲ့ အဲဒီကျောင်းဝန်းကျင်တွေကို ၂ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြို့မဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံနဲ့ ဆွမ်းစားဆောင်တို့ မီးလောင် ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင်  ဘုန်းကြီးကျောင်းအတွင်းမှာရှိနေတဲ့ ပြည်သူ ၂ ယောက် သေဆုံးခဲ့ကြပြီး ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့ကြကာ ရပ်တော်မူရုပ်ပွားတော်၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းနဲ့ မြို့တော်ခန်းမတို့လည်း ပျက်စီးသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024