
စစ်ကောင်စီက တနိုင်ငံလုံးမှာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်ရပ်ကြေညာထားပေမဲ့ ရခိုင်မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) က ဧပြီ ၅ ရက်က ထုတ်ပြန်ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့ အနီးပတ်ဝန်းကျင်ရှိ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး၊ Drop Bomb၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ် တိုက်ခိုက်တာတွေကို လက်ရှိအချိန်ထိ နေ့စဉ် ဆက်တိုက်ပြုလုပ်နေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တခြားနေရာတွေမှာ အာရက္ခတပ်တော်ရဲ့ စစ်ကြောင်းတွေကို နေ့တိုင်း တန်ပြန်ထိုးစစ် ဆင်နွှဲနေတယ်လို့ ဆိုပါတယ်။
ဧပြီ ၁ ရက်ကစတင်ပြီး အာရက္ခတပ်တော်က ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်၊ တအာင်း အဖွဲ့တွေနဲ့အတူ တလတာ တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ချက်ထုတ်ပြီးတာနဲ့ AA ဟာ ချက်ချင်း ထိုးစစ်တွေ၊ တိုက်ပွဲတွေကို ဆက်လက် မပြုလုပ် တော့ဘဲ ချက်ချင်းရပ်တန့်ခဲ့ပါတယ်။
AA အနေနဲ့ တဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန် ကြေညာပြီးတဲ့နေ့ကစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုတွေကို တုံ့ပြန်မှုတွေ မပြုလုပ်ဘဲ ဒဏ်ရာရ၊ အသက်စွန့်လွှတ်ခဲ့ရတဲ့ AA တပ်ဖွဲ့ဝင်တွေရှိတဲ့တိုင် ထုတ်ပြန်ချက်အတိုင်း တိကျစွာလိုက်နာခဲ့တယ်လို့ ဆိုပါတယ်။
ကေခိုင်