DVB Logo
Home
Lead Story
မင်းအောင်လှိုင်၏ မလေးရှားခရီးစဉ်ကို APHR ကန့်ကွက်၊ တရားဝင်မှု မပေးရန် တိုက်တွန်း
DVB
·
October 6, 2026
Photo: Reuters 
Photo: Reuters 
Donate to DVB

မနက်ဖြန် စတင်မဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့  မလေးရှားခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း အာဆီယံ လူ့အခွင့်အရေး ပါလီမန်အမတ်များအဖွဲ့ (APHR) က  အောက်တိုဘာ ၅ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွက် အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံဖို့ မလေးရှားရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်လိုက်ပြီး ခုလို တရားဝင်ခရီးစဉ်အဖြစ် ဂုဏ်ပြု ဧည့်ခံတာဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေကို ဒေသတွင်းက လက်ခံအတည်ပြုပေးလိုက်သလို ဖြစ်နေတယ်လို့  ထောက်ပြထားပါတယ်။

အင်ဒိုနီးရှား ပြည်သူ့လွှတ်တော်အမတ် APHR ဥက္ကဋ္ဌ မာစီ ခရစ္စတီ ဘာရန်စ်က “မလေးရှားအနေနဲ့ မင်းအောင်လှိုင်ကို လုံးဝ လက်မခံသင့်ပါဘူး။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မဖြစ်မနေ စစ်မှုထမ်းခိုင်းတာတွေကို ခံနေရတဲ့ မြန်မာပြည်သူတွေအတွက်တော့ သူ့ကို ကော်ဇောနီခင်း ကြိုဆိုလိုက်တာဟာ သူတို့အပေါ် ကျူးလွန်နေတာတွေကို ဒေသတွင်းက ခွင့်ပြုလိုက်ပြီလို့ ပြောနေသလိုပါပဲ” လို့ ထုတ်ပြန် ပြောပါတယ်။ 

စစ်အာဏာရှင်ကို ဘယ်လို တရားဝင်မှုမှ မပေးဖို့၊ မြန်မာစစ်တပ် ကျောထောက်နောက်ခံပြု အစိုးရကို တရားဝင်အစိုးရအဖြစ် ဆက်ဆံမဲ့ ဘယ်လို သဘောတူညီချက်ကိုမှ လက်မှတ်မထိုးဖိုးနဲ့  ပူးတွဲထုတ်ပြန်ချက်တွေ မထုတ်ဖို့၊ မင်းအောင်လှိုင်ကို နောက်ထပ် ဖိတ်ကြားတာတွေလည်း မလုပ်ဖို့ APHR ကတိုက်တွန်းပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘေးကင်းလုံခြုံစွာ ပြန်နိုင်တဲ့ အခြေအနေ မရောက်မချင်း မြန်မာနိုင်ငံသားတွေကို နောက်ထပ် ပြန်လည်ပို့ဆောင်တာတွေမလုပ်ဘဲ ဆိုင်းငံ့ထားဖို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ မလေးရှားအစိုးရကို တိုက်တွန်းပါတယ်။   

ဝန်ကြီးချုပ် အန်ဝါကတော့ မြန်မာနိုင်ငံသားတွေကို ပြန်လက်ခံမယ်ဆိုတဲ့ ကတိကြောင့် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တာလို့ ပြောပါတယ်။ 

မြန်မာဒုက္ခသည်တွေဟာ မလေးရှားအတွက် ကြီးမားတဲ့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ဖြစ်ပေါ်စေပြီး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကိုလည်း ဖြစ်စေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

အန်ဝါက “ ‘သူတို့ကို ပြန်မပို့ပါနဲ့’ လို့ ပြောရတာ လွယ်ပါတယ်။ အဲဒီ ရာပေါင်းများစွာသော ဒုက္ခသည်တွေကို ကျနော်တို့က ဘယ်မှာ သွားထားရမလဲ။ ဒါကြောင့် အခု ကျနော်တို့ လိုချင်တာက လုံခြုံမှုရှိစေဖို့ အခြေအနေတွေ ဖြစ်တယ်။ အဲဒါကြောင့်ပဲ ကျနော်တို့က သူတို့ကို စေ့စပ်ညှိနှိုင်းဖို့ ဖိတ်ခေါ်ခဲ့တာပါ”လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်က မလေးရှားဟာ အမျိုးသမီး ၇၉ ယောက်နဲ့ ကလေး ၂၇ ယောက် အပါအဝင် မြန်မာနိုင်ငံသား ၁,၄၇၆ ယောက်ကို စစ်သင်္ဘောတွေနဲ့ နေရပ်ပြန်ပို့ခဲ့ပြီး နောက်ထပ် ၃,၅၂၄ ယောက်ကိုလည်း ထပ်မံပြန်ပို့ဖို့ စီစဉ်နေပါတယ်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ ဒီလို ပြန်ပို့တဲ့ ဖြစ်စဉ်မှာ သူတို့ မပါဝင်ခဲ့သလို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေဟာ လုံခြုံစွာ ပြန်လည်နေထိုင်ဖို့ သင့်တော်တဲ့ အခြေအနေ မဟုတ်သေးဘူးလို့ ပြောကြားထားပါတယ်။

ပြန်ပို့ခံရသူတွေအနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရတာနဲ့ နှိပ်စက်ညှဉ်းပန်းခံရတာစတဲ့ ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေအရ နိုင်ငံတိုင်းက လိုက်နာရမဲ့  "အန္တရာယ်ရှိသော နိုင်ငံသို့ အတင်းအဓမ္မ ပြန်မပို့ရ" ဆိုတဲ့ မူဝါဒနဲ့ပါ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေကြောင်းပြောပါတယ်။  

အတုအယောင်ရွေးကောက်ပွဲအပြီး ဧပြီလမှာ သမ္မတလုပ်ခဲ့တဲ့  မင်းအောင်လှိုင်ဟာ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေကို ဆက်တိုက်သွားရောက်ပြီး နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို ရဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

အာဆီယံအနေနဲ့ အဲဒီရွေးကောက်ပွဲကို အသိအမှတ် မပြုထားသလို ၂၀၂၁ ကတည်းက မြန်မာစစ်အာဏာရှင်ကို  ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာပါ။

ဒါပေမဲ့ အာဆီယံနိုင်ငံတချို့ကတော့ ထိတွေ့ဆက်ဆံမှုတွေဆက်လုပ်နေပြီး အရင်က စစ်အာဏာရှင် အပေါ် ဒေသတွင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ မလေးရှားနိုင်ငံက အခုလို  မင်းအောင်လှိုင်ကို တရားဝင်ခရီးလာရောက်ဖို့ ဖိတ်ခေါ်ခဲ့တာဟာ မင်းအောင်လှိုင်အတွက်တော့ အကြီးမားဆုံး အမြတ်ထွက်သွားစေတာဖြစ်ပါတယ်။

မလေးရှားဟာ ကမ္ဘာ့အခြားနေရာတွေမှာ အိုးအိမ်စွန့်ခွာရသူတွေနဲ့ အခွင့်အရေး ဆုံးရှုံးနေရသူတွေအတွက် ပြတ်ပြတ်သားသား ရပ်တည်ပြောဆိုခဲ့သလို မြန်မာပြည်သူတွေအတွက် တုံ့ပြန်ဆောင်ရွက်ရာမှာလည်း အဲဒီမူဝါဒအတိုင်းပဲ ဆက်လက် ဆောင်ရွက်ဖို့  APHR က တိုက်တွန်းထားပါတယ်။ 

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ  မလေးရှား၀န်ကြီးချုပ် အန်ဝါအီဗရာဟင်ရဲ့ ဖိတ်ကြားချက်အရ အောက်တိုဘာ ၇ ရက်နေ့ မလေးရှားနိုင်ငံကိုရောက်ရှိမှာဖြစ်ပြီး သူ့ရဲ့ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ မလေးရောက်မြန်မာတွေ အလုပ်ကနေ ၁ ရက် ခွင့်ယူပြီး သပိတ်မှောက်ကြဖို့ မြန်မာ့အရေး မဟာမိတ်အင်အားစု (MAA) တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013