
ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဧပြီ ၆ ရက်ကစပြီး ကယ်ဆယ်ရေးတွေကို ရပ်နားကာ လိုအပ်နေတဲ့သူတွေကို သွားရောက်ကူညီတာနဲ့ အပျက်အစီးတွေကို ရှင်းလင်းဖယ်ရှားတာတွေ လုပ်ဆောင်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းမြို့ပေါ်ကလူတွေ အကုန်လုံးဟာ ငလျင်လှုပ်ခတ်တာအပြင် မိုးရွာသွန်းတာတွေကြောင့် အိမ်တွေထဲမှာ မနေရဲကြတော့ဘဲ လမ်းဘေးတွေမှာ တဲထိုးပြီး နေနေကြရတယ်လို့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတယောက်က ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ကူရာကယ်ရာမဲ့နေတဲ့ စစ်ကိုင်းတိုင်းကို လာလှူတဲ့ အလှူရှင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်တမ်းတင်ထားဖို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးက ညွှန်ကြားထားတဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေကို စက်ယန္တာရားတွေ အသုံးပြုပြီး ရှင်းလင်းဖယ်ရှားတာနဲ့ ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်နေကြတယ်လို့ စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေတဲ့ ဦးပဉ္ဇင်းတပါးက မိန့်ပါတယ်။
မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့မှာ သေဆုံးသူ ၆၀၀ နီးပါးနဲ့ ဒဏ်ရာရသူ ၁,၀၀၀ ကျော်ရှိပြီး ပျက်စီဆုံးရှုံးမှုကိုတော့ စာရင်းကောက်ယူနေဆဲ ဖြစ်တယ်လို့ ပရဟိတ အဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။
ဧပြီ ၆ ရက် မနက်ပိုင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
လင်းအိမ်