
ငလျင်ဒဏ်ကြောင့် စာနာစိတ်နဲ့ အပစ်ရပ်တယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က ကျေးရွာတွေမှာ တပ်စွဲပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ငပုတောမြို့နယ်က ဂေါ်ရင်ဂျီကျွန်းနဲ့ အနီးတဝိုက် ဘုတ်ပင်ဆိပ်ကျေးရွာ၊ ကျောက်ချောင်းကျေးရွာ စတဲ့ကျေးရွာတွေမှာ ဧပြီ ၄ ရက်က စတင်ပြီး တပ်စွဲ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ငပုတောဒေသခံတယောက်က “စစ်သားတွေရောက်လာတာ ၄ ရက်နေ့ကတည်းက။ ပင်လယ်ဘက်ကို မသင်္ကာတဲ့သဘောရှိတယ်။ ဂေါ်ရင်ဂျီကျွန်းဘက်ကို စစ်ကြောင်းထိုးနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဂေါ်ရင်ဂျီကျွန်းနဲ့ အနီးတဝိုက်မှာ တပ်စွဲထားပြီး ပင်လယ်အတွင်း ကုန်သွယ်သွားလာနေတဲ့ လှေတွေကို ဖမ်းဆီးငွေညှစ်နေသလို ရမ်သန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ငပုတောမြို့နယ် ရပ်မိရပ်ဖတယောက်က “ပစ်ခတ်တာတွေပါ လုပ်နေတာ။ တိုက်ပွဲတော့ မဟုတ်လောက်ပါဘူး။ တဖက်သတ် ပစ်ခတ်နေတာ။ ဖမ်းဆီးစစ်ဆေးတာတွေလည်း လုပ်နေတယ်။ အမျိုးသားတွေဆို အပြင်မထွက်ရဲလောက်တဲ့အထိ” လို့ ပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၄ ရက်နေ့မှာ ဂေါ်ရင်ဂျီကျွန်းနားက ရေလုပ်သား ၃ ယောက်ကို အာရက္ခတပ်တော် AA တပ်သားတွေလို့ စွပ်စွဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ငပုတောမြို့နယ်မှာ ဧပြီ ၄ ရက်က ဖမ်းဆီးခံထားရတဲ့ စက်လှေသမားတွေက ဓားနဲ့ပြန်ခုတ်တာကြောင့် ရဲတပ်သား မိုးထက်ဝဠာကျော် ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။