DVB Logo
Home
မြန်မာသတင်း
တွန်းဇံတွင် စစ်ကောင်စီတပ်နှင့် ZRA ပူးပေါင်းပြီး မီးရှို့သဖြင့် ရွာလုံးကျွတ်နီးပါး ပျက်စီး
DVB
·
April 6, 2025
တွန်းဇံတွင် စစ်ကောင်စီတပ်နှင့် ZRA ပူးပေါင်းပြီး မီးရှို့သဖြင့် ရွာလုံးကျွတ်နီးပါး ပျက်စီး
Donate to DVB

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၄ ရက်မှာ မီးရှို့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ Chinland Information Center ဆီကနေ သိရပါတယ်။

Chinland Information Center ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “အိန္ဒိယဘက်ခြမ်း မဏိပူရပြည်နယ်နဲ့ ချင်းပြည်နယ်အစပ်မှာ ခြေကုပ်ယူထားတဲ့ အဲဒီ စစ်ကောင်စီတပ်နဲ့ ဇိုမီး (Zomi Revolutionary Army - ZRA) ပူးပေါင်းတပ်တွေက တွန်းဇံမြို့နယ်ထဲမှာရှိတဲ့ CNA တပ်မ ၄ စခန်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့​လို့ ဒီဘက်က ပြန်ပြီး တိုက်ထုတ်လိုက်တဲ့အခါမှာ ထွက်ပြေးသွားကြပြီးတော့ မဏိပူရမြစ်ဘေးမှာရှိတဲ့ Nakzang ရွာကို မီးရှို့ဖျက်ဆီးသွားတာ ဖြစ်တယ်။ အဲဒီ Nakzang ရွာဟာ အိမ်ခြေ ၈၀ လောက်ပဲ ရှိပြီးတော့ ရွာလုံးကျွတ်မီးလောင်တာ ဘုရားရှိခိုးကျောင်းပဲ ကျန်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ Zomi Revolutionary Army (ZRA) ပူးပေါင်းတပ်တွေဟာ ဧပြီ ၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ တွန်းဇံမြို့နယ်ထဲမှာရှိတဲ့ Chin National Army တပ်မ ၄ စခန်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့​တာကြောင့် ချင်းအမျိုးသားတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်လို့ ဧပြီ ၄ ရက်မှာ အဆိုပါ စစ်ကောင်စီတပ်နဲ့ ZRA ပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့ကြကာ Nakzang ကျေးရွာကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

Chin National Army ရဲ့ အရာရှိတယောက်က “စကစနဲ့ ZRA တွေကို ပြန်တိုက်လိုက်တော့ သူတို့ အထိနာပြီး ပြတ်ဆုတ်သွားကြတယ်။ အဲဒီတိုက်ပွဲထဲကနေ သူတို့ဘက်က ဒရုန်းတစီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာ ရှိတယ်။ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတော့ မသိရသေးဘူး။ မီးရှို့ခံရတဲ့ အဲဒီ Nakzang ရွာက မီးဘေးသင့်ပြည်သူတွေကတော့ တွန်းဇံမြို့ပေါ်ကို ဝင်ရောက်ခိုလှုံနေကြပါပြီ” လို့ ပြောပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နိုင်ငံတဝန်းလုံးက ပြည်သူတွေ ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး ငလျင်ဘေးသင့် ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ယာယီအပစ်အခတ်ရပ်စဲထားချိန်ကို အခွင့်ကောင်းယူပြီး ကျူးကျော်တိုက်ခိုက်လာတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုလို တိုက်ခိုက်လာတဲ့အပေါ် မိမိကိုယ်ကို ခုခံကာကွယ်ဖို့ လိုအပ်လာတဲ့အတွက် စစ်ကောင်စီတပ်နဲ့ ZRA တပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ချင်းအမျိုးသားတပ်မတော်၊ တပ်မဟာ ၄ က ဧပြီ ၃ ရက်မှာ ထုတ်ပြန်​ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ငလျင်ဒဏ်ဘေးကယ်ဆယ်ရေးအတွက် ၊ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်ထားတယ်လို့ ကြေညာထားပေမဲ့ မြေပြင်စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက် ပြုလုပ်နေတာဖြစ်ပါတယ်။

ချင်းပြည်နယ်ထဲက တွန်းဇံမြို့ကို ပြီးခဲတဲ့နှစ် မေ ၂၀ ရက်မှာ ချင်းတော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013