DVB Logo
Home
Lead Story
မောတောင်နှင့် တွန်းဇံကို စစ်တပ်က ပြန်သိမ်း
DVB
·
May 20, 2026
Photo: MOI
Photo: MOI
Donate to DVB

တနင်္သာရီတိုင်း၊ မောတောင်မြို့နဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့တွေကို စစ်အာဏာရှင်က မေ ၁၉ ရက် တရက်တည်းမှာ ပြန်လည်သိမ်းပိုက် ထိန်ချုပ်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ် ဝါဒဖြန့် ချန်နယ်တွေက ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တပ်ဟာ ထိုင်းနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ မောတောင်မြို့ကို မြေပြင်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်မှု မြင့်တက်လာသလို ပစ်ကူအင်အားချင်း မမျှလို့ မောတောင်မြို့က ဆုတ်ပေးလိုက်ရတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တပ်က မောတောင်ကို အရဆိုပြီး အင်အားထုနဲ့ ထိုးစစ်ဆင်လာတာ။ မြေပြင်ကလည်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်သလို လေကြောင်းကနေပြီးလည်း လေယာဉ်တွေ အုပ်စုလိုက် ဗုံးကြဲတာကြောင့် ပစ်ကူချင်းမမျှတော့သလို ပြည်သူတွေ ထိခိုက်မှာကို စိုးရိမ်တာကြောင့် ဆုတ်ပေးလိုက်ရတဲ့ သဘောပဲ။ မြေပြင် တချို့နေရာတွေမှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတာ ရှိသေးတယ်။”

မောတောင်မြို့ကို မေလအစောပိုင်းကတည်းက စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မေ ၁၉ ရက်မှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မောတောင်မြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒ့ါအပြင် ချင်းပြည်နယ် မြောက်ပိုင်းရှိ တွန်းဇံမြို့ကိုလည်း ချင်းလဲန်းကောင်စီ လက်ထဲကနေ စစ်တပ်နဲ့ ZRA-EC တပ်တို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ မြို့က ဆုတ်ခွာလိုက်ရပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်နဲ့ ဇိုမီးတပ် ZRA-EC တို့ဟာ နှစ်ဖက်ညှပ်ပြီး တွန်းဇံမြို့က ခုခံနေတဲ့ ချင်းတော်လှန်ရေးတပ်တွေကို မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်လာသလို လေကြောင်းပစ်ကူနဲ့ ဒရုန်းပစ်ကူတွေနဲ့ အပြင်းအထန် တိုက်ခိုက်လာတာကြောင့် မြို့က ဆုတ်ပေးလိုက်ရတာဖြစ်တယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“စစ်ကောင်စီက တီးတိန်ဘက်က ထိုးစစ်ဆင်သလို ZRA-EC က ကျီခါးမြို့ဘက်က အင်အား ရာချီသုံးပြီး ထိုးစစ်ဆင်ကာ မြို့ကိုကာကွယ်နေတဲ့ တပ်တွေကို ကြားညှပ်ပြီး တိုက်ခိုက်လာတယ်။ လေကြောင်းနဲ့ ဒရုန်းပစ်ကူတွေကိုလည်း အပြင်းအထန် ပစ်ကူပေးထားတော့ တိုက်ပွဲက အတော်လေးကို ပြင်းထန်လာပြီး အင်အားမမျှတော့ မြို့က ယာယီဆုတ်ပေးလိုက်တာရှိတယ်။”

စစ်တပ်နဲ့ ZRA-EC တပ်တို့ဟာ တီးတိန်နဲ့ ကျီခါးမြို့ကို စစ်ရေးစုဆောင်းမှုတွေ ပြုလုပ်ခဲ့ကြပြီး တွန်းဇံမြို့ကို မေ ၁၁ ရက်မှာ အင်အား ၈၀၀ လောက်နဲ့ စတင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတာလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Tonzang နဲ့ ချင်းကာကွယ်ရေးတပ် (CDF) ပူးပေါင်းတပ်တွေက ခုခံကာကွယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

တွန်းဇံမြို့ကို ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၄ ခုနှစ် မေလမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ၂ နှစ်အကြာ ၂၀၂၆ ခုနှစ် မေ ၁၉ ရက်မှာ စစ်တပ်ထံ ပြန်လည်လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်းမြို့နယ်ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကြောင့် တလအတွင်းမှာ ချင်းပြည်နယ်က မြို့နယ် ၂ ခုကို စစ်တပ်ထံ ပြန်လည်လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013