DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီက ကရင်နီကို ဆက်လက်ဗုံးကြဲတိုက်ခိုက်
DVB
·
April 5, 2025
အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီက ကရင်နီကို ဆက်လက်ဗုံးကြဲတိုက်ခိုက်
Donate to DVB

နိုင်ငံတ၀န်း ငလျင်ဘေးသင့်နေတဲ့အချိန် ၂၁ ရက်ကြာ ယာယီအပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကရင်နီက စစ်မြေပြင်တွေနဲ့ မြို့တွေကို လေကြောင်းကနေကော လက်နက်ကြီးတွေနဲ့ပါ ဆက်လက်တိုက်ခိုက်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က  ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေရှိတဲ့ ရွာတွေထဲ လက်နက်ကြီး၊ လေကြောင်းနဲ့ အသေခံဒရုန်းသုံးပြီး ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။

ဧပြီ ၄ ရက်က မိုးဗြဲနဲ့ လွိုင်ကော်ကြားက ပီကင်းကောခူ ကျေးရွာမှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ IEC အတွင်းရေးမှူး ၂ ကိုဗညား က အတည်ပြုပါတယ်။

“အခုထိတော့ ထိုးစစ်ဆင်တဲ့ပုံစံတော့ မတွေ့ရသေးဘူးဗျ။ မနေ့ကတော့ လက်နက်ကြီးပစ်လို့ ရွာသားတဦးသေပြီး ၃ ဦးဒဏ်ရာရတယ်။ ပြီးတော့ ညနေ ၃ နာရီမှာ လေယာဥ်နဲ့လာဗုံးကြဲလို့ ၄ ဦး သေသွားပါတယ်။ အဲ့ဖြစ်ရပ်နှစ်ခုလုံးက ပီကင်းကောခူရွာကပါပဲ။”

ဧပြီ ၄ ရက်နေ့ကလည်း ရှမ်းတောင် - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ထဲက ခေါင်းအိရွာသစ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခဲ့ရာ တစင်းကို ပစ်ချခဲ့ရတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။ 

ဖရူဆိုမြို့ထဲမှာလည်း တိုက်ပွဲမဖြစ်ဘဲ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးလိုက်ရှို့နေတဲ့အတွက် ပြည်သူနေအိမ် ၆ လုံး ထက်မနည်း ပျက်စီးခဲ့ပါသေးတယ်။

ရှမ်းတောင်စစ်ဒေသခွဲ အမှတ် ၁ ဗျူဟာ ပြန်ကြားရေးတာ၀န်ခံက “ရှမ်းတောင် ဖယ်ခုံ မိုးဗြဲဘက်ကို တချက်ကြည့်ရမှာပေါ့။ ကျန်တဲ့နေရာတွေမှာတော့ စစ်ကြောင်းထိုးတာမရှိဘူး။ ဒါပေမဲ့ ဖရူဆို မြို့ပေါ်မှာတော့ စစ်ကောင်စီကနေပြီးတော့ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာတွေတော့ရှိတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ ငလျင်လှုပ်ပြီး ၁ ပတ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဒရုန်းအပါအဝင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၆၃ ကြိမ်ပြုလုပ်ခဲ့တာကြောင့်  ကလေးငယ်တယောက်၊ အမျိုးသမီး ၁၅ ယောက် အပါအ၀င် အရပ်သားပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013