
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဧပြီ ၄ ရက်က စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် ဒဏ်ရာရရှိသွားပါတယ်။
မနေ့မနက် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ တောင်ကုတ်မြို့နယ်၊ စလူကျေးရွာကို ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် ခုလိုပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံက ပြောပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိသူတွေကတော့ တောင်ကုတ်မြို့နယ်၊ စလူရွာက ဒေါ်ကြူကြူ (၃၆ နှစ်)၊ ဒေါ်ပနေ (၄၀ နှစ်) နဲ့ မောင်စိုးနိုင် (၁၄ နှစ်)တို့ ဖြစ်ပြီး လက်ရှိမှာတော့ အရေးပေါ်ဆေးကုသမှုခံယူနေရ ပါတယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်လို့ ခရစ်ယာန်ဘုရားကျောင်းတကျောင်းအပါအဝင် လူနေအိမ် ၃ ဆောင်လည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဧပြီ ၂ ရက်ကနေ ၂၂ ရက် အထိ နိုင်ငံတဝန်း ယာယီအပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားပေမဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ စစ်တွေအပြင် ကချင်၊ စစ်ကိုင်းဘက်မှာလည်း နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဗုံးကြဲချတာတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကေခိုင်