
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်မှာရှိတဲ့ ပင့်ကူတောင်ခြေအောက်က ကျောက်လုပ်ကွက်ကို ဧပြီ ၅ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြဲခံရတဲ့နားမှာရှိနေတဲ့ ဒေသခံတယောက်က “ကျောက်တွင်းတွေနားကို ကြဲသွားတာ၊ လူတော့မထိဘူး၊ လူတွေရှိတဲ့နေရာနဲ့ နည်းနည်းပဲဝေးတာ” လို့ ပြောပါတယ်။
မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက်ကို မကြဲခင်မှာ မြို့တွင်းမှာ ဂျက်ဖိုက်တာနဲ့ ဝဲသွားခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ပင့်ကူတောင်ခြေက ကျောက်လုပ်ကွက်တွင်းတွေကို ကြဲပေမဲ့ လူထိခိုက် ပျက်စီးတာ မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်က ငလျင်ဘေးကြောင့် ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်ခတ်ရပ်စဲမယ်လို့ ကြေညာထားပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေသလို မိုးကုတ်အနီး သပိတ်ကျင်းခရိုင်ထဲက ၇ မိုင်ကိုလည်း ဆက်တိုက်ထိုးစစ်ဆင်နေပါတယ်။