DVB Logo
Home
မြန်မာသတင်း
ဘောလခဲ ဝမ်မလန်းစခန်းကုန်းစစ်ဆင်ရေးတွင် ဘောလခဲ PDF က ရဲဘော် ၃ ဦးကျဆုံး
DVB
·
April 5, 2025
ဘောလခဲ ဝမ်မလန်းစခန်းကုန်းစစ်ဆင်ရေးတွင် ဘောလခဲ PDF က ရဲဘော် ၃ ဦးကျဆုံး
1 / 6
Donate to DVB

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ထဲက ဝမ်မလန်းစခန်းကုန်းစစ်ဆင်ရေးမှာ အမှတ် ၁၁၀၅ တပ်ရင်း၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ဧပြီ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရဲဘော် ဒဲနီယယ်လေး(ခ)ခွါးဒို၊ ရဲဘော် ပိုင်သိန်းချစ်(ခ)ရှမ်ဖူး၊ ရဲဘော် အယ်ဒိုထူးတို့ဟာ မတ် ၁၂ ရက်နေ့မှာ ကျဆုံးခဲ့ရပြီး ၁၄ ရက်နေ့မှာ ကောင်းကောင်းမွန်မွန်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘောလခဲ PDF တာဝန်ရှိသူက “ရဲဘော်ခွားဒိုက စီနီယာရဲဘော်တယောက်လည်းဖြစ်တယ်။ ၄ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တာပေါ့နော်။ ကျန်ရဲဘော် ၂ ယောက်ကတော့ တာဝန်ထမ်းဆောင်တာ လပိုင်းပဲရှိပါသေးတယ်။ ဝမ်မလန်းစခန်းကုန်းစစ်ဆင်ရေးမှာ ကျဆုံးသွားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ စစ်ရေးအရ ပြောခွင့်မရှိသေးပါ” လို့ ပြောပါတယ်။

ကျဆုံးသွားရတဲ့ရဲဘော်တွေကို အာဇာနည်သူရဲကောင်း အဖြစ် အသိအမှတ်ပြုပြီး လေးစားဂုဏ်ယူကာ ကျဆုံးရမှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

ဝမ်မလန်းစခန်းကုန်းကို မတ် ၃၀ ရက်နေ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဘောလခဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ကာကင်း စခန်း ၅ ကို ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မတ်လထဲမှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၆၀ သေဆုံး၊ တချို့ကိုအရှင်ဖမ်းမိပြီး လက်နက်အစုံ အလက် ၄၀ နဲ့ ကျည်အမျိုးအစားအစုံကို သိမ်းဆည်းရမိတယ်လို့ ဧပြီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပေါင်းစုံပါဝင်ပြီး ဘောလခဲနဲ့ ဖားဆောင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတရပ်ကို ၂၀၂၅ ခုနှစ် မတ် ၄ ရက်နေ့မှာ စတင်ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေးစတင်ချိန် ၁ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗျူဟာတပ်အခြေစိုက် ကင်းတွေဖြစ်တဲ့ ဘောလခဲမြို့နယ်က အမှိုက်ကျင်း၊ ကျောက်ခွဲစက်၊ ရေကျော်၊ ရေနီပေါက်၊ ဝမ်ပလန်း စတဲ့ ကာကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖားဆောင်း မီးသတ်တိုက်နဲ့ ရေဆိပ်တွေကိုလည်း တိုက်ခိုက်ကန့်သတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013