ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦးကို AA က ပြန်လွှဲပေး

ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်ပြီး ငါးခိုးဖမ်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၄၃ ယောက်ကို အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဆီ နိုဝင်ဘာ ၂၆ ရက်မှာ ပြန်လွှဲပေးလိုက်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄၃ ယောက်ကို မနေ့ နေ့လယ် ၁ နာရီခွဲ လောက်မှာ AA ရဲ့ တာဝန်ရှိသူတွေက နတ်မြစ်အတွင်းရှိ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တနေရာမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တာဝန်ရှိသူတွေဆီကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ AA နဲ့နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
"သူတို့ကို ခုလောလောဆယ်ဖမ်းပြီးပြန်လွှတ်ပေးတာမဟုတ်ဘူး။ ထိုက်သင့်တဲ့အရေးယူပြီးမှ ပြန်လွှတ် ပေးတာပါ။ သူတို့အာဏာပိုင်တွေဆီကို တိုက်ရိုက်လွှဲပြောင်းပေးလိုက်တယ်။ နောက်နောင် သတိထားဖို့လည်း ငါးဖမ်းသမားတွေကိုလည်းမှာလိုက်တယ်။"
အဲဒီငါးဖမ်းသမား ၄၃ ဦးကို အာရက္ခကမ်းခြေစောင့်တပ်က အာရက္ခနယ်မြေအတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းနေချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေထဲမှာ အသက် ၁၀ နှစ် အရွယ်ကနေ ၆၅ နှစ်အရွယ်အထိ ပါဝင်ပါတယ်။
ရခိုင်ရေပိုင်နက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ပိုင်နက်ကျူး ကျော်ပြီး မကြာခဏငါးဖမ်း နေမှုအပေါ် ဒေသခံအနေနဲ့ ကန့်ကွက်တယ်လို့ မောင်တော ကျောက်ပန္ဒူက ငါးဖမ်းသမား တယောက်က ပြောပါတယ်။
"သူတို့က စစ်ကောင်စီ လက်ထက်ကတည်းက ခိုးဖမ်းနေကျဆိုတော့ အခုလည်းဆက်ပြီးဖမ်းနေတာ။ ဒီလိုပိုင်နက်ကျူးကျော်ဖမ်းတဲ့သူတွေကို ဒေသခံတယောက် အနေနဲ့ဘယ်လိုမှလက်မခံနိုင်ဘူး။ နောက်လာ မဖမ်းရအောင် အပြစ်ပေးစေချင်တယ်။"
အဲဒီငါးဖမ်းသမား ၄၃ ယောက်ဟာ ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်း မောင်တောမြို့နယ် ကျောက်ပန္ဒူနဲ့ အင်းဒင်ကမ်းရိုးတန်းတလျှောက်မှာ တရားမဝင် ဝင်ရောက်ပြီး ငါးခိုးဖမ်းခဲ့သူတွေလို့ ဒေသခံတွေကပြောပါတယ်။











