
ရခိုင်-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကြားကနေ အာရက္ခရေပိုင်နက်အတွင်းထိ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမား ၅ ယောက် ပါတဲ့ စက်လှေတစင်းကို အာရက္ခကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
ဇွန် ၂၈ ရက် နေ့လယ်ပိုင်းက မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနဲ့ ဂြင်းတောကြားမှာရှိတဲ့ ရေပိုင်နက်မှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေ ပိုင်နက်ကျူးကျော်ပြီး ငါးခိုးဖမ်းနေတဲ့အတွက် အာရက္ခ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တာလို့ မောင်တောဒေသခံ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ငါးဖမ်းသမားတွေက လစ်ရင်လစ်သလို ငါးခိုးဖမ်းတယ်။ သူတို့ရေပိုင်နက်မှာ ဖမ်းလို့ရရဲ့သားနဲ့ တမင်သက်သက် အာရက္ခပိုင်နက်ထဲကို ဝင်ဖမ်းတယ်။ အမြဲလိုလို ဖမ်းနေတာ။ ကမ်းခြေစောင့်တပ်ကလည်း တရားမဝင် ကျူးကျော်လာရင် ဖမ်းတယ်။ ဖမ်းပြီး ပြစ်ဒဏ်ပေးတယ်။ ဒါပေမဲ့ ငါးခိုးဖမ်းတဲ့သူတွေက ဆက်တိုက်ရှိနေတုန်း။”
အခုလို ငါးခိုးဖမ်းမှုနဲပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်နေတယ်လို့ မောင်တောဒေသခံ ငါးဖမ်းသမားတယောက်က ပြောပါတယ်။
“အာရက္ခတပ်တော်ဘက်က ပြစ်ဒဏ်ချမှတ်ပေမဲ့ ဆက်တိုက် ငါးခိုးဖမ်းနေတာက တော်တော်အတင့်ရဲတယ်လို့ ပြောလို့ရတယ်။ သူတို့က အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရကို မထီလေးစားတဲ့ပုံ ပေါက်တယ်။ ငါးခိုးဖမ်းတာတွေ လျော့ဖို့ ထိထိရောက်ရောက် လုပ်သင့်တယ်။"
အဲဒီ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅ ယောက်ပါတဲ့ စက်လှေကို မောင်တော ဂြင်းတောချောင်းဝ၊ အနောက်တောင်ဘက် ကမ်းစပ်နဲ့ ၂ ဒသမ ၇ ကီလိုမီတာအကွာမှာ ဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဇွန် ၁၅ ရက်ကလည်း အာရက္ခ ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ကာ ငါးလာဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၇ ယောက်နဲ့ ငါးဖမ်းစက်လှေ ၂ စီးကို အာရက္ခ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။










