
ရခိုင် ရေပြင်ပိုင်နက်အတွင်းကို ဝင်ရောက်ပြီး ငါးဝင်ခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ စီးနင်းလိုက်ပါလာတဲ့ ငါးဖမ်းစက်လှေတစင်းပေါ်က ငါးဖမ်းသမား ၃ ယောက်ကို အာရက္ခတပ်တော် (AA) ရဲ့ ကမ်းခြေစောင့်တပ် (ACG) က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဩဂုတ် ၈ ရက် နေ့လယ်ပိုင်းက မောင်တောမြို့နယ် နှာခေါင်းတိုရွာ ရေပိုင်နက်မှာ တရားမဝင် ဝင်ရောက်ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပါတဲ့ စက်လှေကို အာရက္ခတပ်တော် (AA) က လိုက်လံဖမ်းဆီးရာ ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ AA ရဲ့ ကမ်းခြေစောင့်တပ်နဲ့ နီးစပ်တဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ငါးဖမ်းဘုတ်တွေကို လိုက်ဖမ်းတော့ မောင်းပြီး ထွက်ပြေးကြတယ်။ စက်လှေပေါ်မှာ တခြား ငါးဖမ်းသမားတွေ ပါသေးတယ်။ ထွက်ပြေးရင်း ရေထဲမှာ ၃ ယောက် ပြုတ်ကျကျန်ခဲ့တာကို AA ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ကယ်ပေးခဲ့တယ်။ တရားမဝင် ငါးဖမ်းတဲ့အတွက် သူတို့ကို ဥပဒေအရ ပြစ်ဒဏ်ချမှတ်သွားမှာပါ။”
အာရက္ခတပ်တော် (AA) က အာရက္ခရေပိုင်နက်ကို ကျူးလွန်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို အရေးယူနေပေမဲ့ ငါးခိုးဖမ်းတဲ့သူတွေ လျော့မသွားတာဟာ တဖက်နိုင်ငံရဲ့ ဥပဒေကို မလေးစားရာ ရောက်တယ်လို့ မောင်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“AA ဘက်က ဖမ်းတယ်။ ပြစ်ဒဏ်ချမှတ်ပြီးရင် ပြန်လွှတ်ပေးတယ်။ နောက် မလုပ်ဖို့လည်း သူတို့ကို ပြောတယ်။ ဒါပေမဲ့ သူတို့ ဂရုမစိုက်ဘူး။ ဒါက ဥပဒေကို မလေးစားတာ။ မထီမဲ့မြင်ပြုတာလို့ မြင်တယ်။”
ဇွန် ၂၈ ရက်ကလည်း မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနဲ့ ဂြင်းတောကြားရှိ ပင်လယ်ပြင်အတွင်းမှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ယောက်ကို အာရက္ခတပ်တော် (AA) ရဲ့ ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ဇွန် ၁၅ ရက်ကလည်း တရားမဝင် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ယောက်နဲ့အတူ စက်လှေ ၂ စီးကို အာရက္ခ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။










