
ရခိုင်ပြည်နယ်၊ ရေပိုင်နက်အတွင်းသို့ တရားမဝင် ငါးခိုးဝင်ဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ယောက်ကို အာရက္ခတပ်တော် (AA) က ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
ဩဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီကျော်လောက်မှာ အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ကနေတဆင့် BGB ထံသို့ လွှဲပြောင်းပေးခဲ့တာလို့ ရခိုင်ကမ်းခြေစောင့်တပ် တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“သူတို့က အာရက္ခတပ်တော်က ဥပဒေနဲ့အညီ ပေးထားတဲ့ အပြစ်ဒဏ်ကိုလည်း ခံယူလို့ပြီးပြီ။ နောက်နောင် ထပ်မံပြီး ရေပိုင်နက်ကျော်လွန်ကာ ငါးခိုးမဖမ်းဖို့ ရုံးမှာ ခံဝန်ကတိ လက်မှတ်ရေးထိုးပြီးမှ အာရက္ခကမ်းခြေစောင့်တပ်မှတဆင့် ဘင်္ဂလားနယ်ခြားစောင့်တပ်ကို သတင်းပို့ပြီး လွှဲပြောင်းပေးလိုက်တာပါ။”
အခု လွှဲပြောင်းပေးလိုက်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ယောက်မှာ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းကာလအတွင်း မောင်တောမြို့နယ် ကမ်းခြေဖြစ်တဲ့ ကျောက်ပန္ဒူနဲ့ အင်းဒင်ကမ်းခြေတို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရေလုပ်သားတွေ ဖြစ်ပါတယ်။
မောင်တောမြို့ခံတယောက်က “အပြစ်လည်း ပေးပြီးပြီဆိုတော့ အခုလို ပြန်လွှတ်ပေးတာ ကောင်းပါတယ်။ ဘင်္ဂလားနဲ့ ရခိုင်က ဘာပဲဖြစ်ဖြစ် ကုန်သွယ်မှုကလည်း ဆက်စပ်နေရတယ်။ နောက်ပြီး အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ ရေလုပ်သားတွေ အနေနဲ့လည်း ငါးဖမ်းခွင့်ကို တရားဝင် လုပ်ဆောင်ပြီးမှ ဖမ်းစေချင်တယ်။ အခုက တခြား အကြမ်းဖက်အဖွဲ့တွေကလည်း ရေပြင်မှာရော ကုန်းပေါ်မှာပါ လှုပ်ရှားနေတာဆိုတော့ သတိထားနေရတယ်”လို့ ပြောပါတယ်။
မောင်တောမြို့နယ်မှာ ARSA၊ RSO အပါအဝင် အကြမ်းဖက်အဖွဲ့တွေဟာ ရေလုပ်သားပုံစံ ဟန်ဆောင် သွားလာလှုပ်ရှားတာရှိနေလို့ မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် ငါးရှာစားနေရတဲ့ ရေလုပ်သားတွေအတွက် တရားဝင်အထောက်အထား တခုခုလုပ်ပြီး ရှာဖွေစေချင်တယ်လို့ ဒေသခံက ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်အဖွဲ့အစည်းတွေအကြား နယ်စပ်ရေးရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး အခုလို ပြန်လွှတ်ပေးလိုက်တာဟာ နှစ်ဖက် ယုံကြည်မှု ပိုမိုအားကောင်းလာစေမဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ် တယောက်က မှတ်ချက်ပြုပါတယ်။
ရခိုင်ရေပိုင်နက်အတွင်း ဘယ်အချိန်မဆို တရားမဝင် ငါးခိုးဖမ်းဆီးပါက ဘယ်သူ့ကိုမဆို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူမယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။











