
ဂရိနိုင်ငံ၊ လက်စ်ဘော့စ်ကျွန်းကမ်းလွန်မှာ ဧပြီ ၃ ရက် ကြာသပတေးနေ့က လှေတစီးနစ်မြုပ်ခဲ့ရာမှာ ယောက်ျားလေး တယောက်၊ မိန်းကလေးတယောက်နဲ့ အမျိုးသမီး ၂ ယောက် အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂရိကမ်းခြေစောင့်တပ်က ပြောပါတယ်။
လက်စ်ဘော့စ်ကျွန်းရဲ့ မြောက်ဘက်မှာ ဒေသစံတော်ချိန် မနက် ၂ နာရီအချိန်မှာ အဲဒီလှေကို ကင်းလှည့်နေတဲ့ ကမ်းရိုးတန်းစောင့် သင်္ဘောတစင်းက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ရွှေ့ပြောင်းနေထိုင်သူ ၂၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ လှေပေါ်မှာ လူဘယ်လောက် ပါရှိလာတာကိုတော့ ချက်ချင်း မသိရသေးပါဘူး။
ဥရောပသမဂ္ဂရဲ့ အရှေ့တောင်ထောင့်ရှိ ဂရိနိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ အာရှတို့မှ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအတွက် နှစ်ပေါင်းများစွာ အဆင်ပြေနေခဲ့တဲ့ ဥရောပဝင်ပေါက် ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ လူပေါင်း ၁ သန်းနီးပါး ဂရိကျွန်းတွေပေါ် ဆိုက်ရောက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ရွှေ့ပြောင်းနေထိုင်သူ ၅၄၀၀၀ လောက်ဟာ ဂရိနိုင်ငံကို ရောက်ရှိလာခဲ့ကြပြီး ဒီအရေအတွက်ဟာ အီတလီပြီးရင် ဥရောပတောင်ပိုင်းမှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။
သူတို့ထဲမှ အများစုဟာ ပင်လယ်ပြင်မှ ရောက်ရှိလာတာဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Source: Reuters