DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်လာရသူများ အလုပ်အကိုင်ပြဿနာ ကြုံတွေ့
DVB
·
April 5, 2025
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်လာရသူများ အလုပ်အကိုင်ပြဿနာ ကြုံတွေ့
Donate to DVB

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပ ထွက်ခွာလာရပြီး နေထိုင်ဖို့ အခက်အခဲတွေနဲ့ အလုပ်အကိုင် ရှားပါးမှု ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

စစ်ကောင်စီတပ်က မြန်မာနိုင်ငံသားတိုင်း စစ်မှုထမ်းဖို့အတွက် စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အသက်ပြန်သွင်းကာ  မတ်လမှာ စတင်အကောင်အထည်ဖော်ပြီး အမည်စာရင်းနဲ့တကွ လာရောက်ခေါ်ဆောင်တာကြောင့် လူငယ်တွေဟာ နေအိမ်မှာမနေဘဲ ပြည်ပ ထွက်ခွာဖို့အတွက် ပြင်ဆင်ကြသူတွေ ရှိပါတယ်။

အမည်စာရင်းပေါက်သူတွေက ဘယ်အချိန် ကိုယ့်အိမ်ကို တံခါးခေါက်မလဲ ဆိုတဲ့စိတ်နဲ့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ကြပါတယ်။

ကိုလင်းလင်းက “အိမ်နဲ့တိုင်ပင်ပြီးတော့ ဆုံးဖြတ်လိုက်တာပေါ့။ အနီးဆုံးဖြစ်တဲ့ ထိုင်းကို ထွက်မယ်ပေါ့။ တဖက်မှာက အလုပ်လုပ်နေရင်းနဲ့ဆိုတော့ အဲဒီအချိန်မှာ ရပ်ကွက်ထဲက လာမလား ဘာလား စိုးရိမ်နေရတယ်”လို့ ပြောပါတယ်။

ပြည်ပကို အပျော်ခရီးသွားရတာမျိုးမဟုတ်ဘဲ စိတ်ပူပန်မှုတွေနဲ့သွားရကာ နေထိုင်ဖို့နဲ့ ရှင်သန်ရပ်တည်ဖို့ကလည်း အခက်အခဲတခုအနေနဲ့ ရှိနေတာပါ။

ကိုအောင်ကျော်က “ပညာရေးနဲ့အလုပ်အကိုင် အဲဒီလိုမျိုးထွက်တဲ့ပုံစံမျိုးမဟုတ်တော့ ဒီဘက် ရောက်မှ အလုပ်အကိုင်မရှိတဲ့ ဝင်ငွေပြဿနာရှိတာပေါ့။ အခုချိန်ထိလည်း အလုပ်အကိုင်ရှာရ ခက်သေးတာပေါ့။ ပြဿနာနောက်တခုက ကိုယ့်နိုင်ငံမဟုတ်တော့ ဗီဇာပြဿနာ ဖြေရှင်းရတာပေါ့။ နေထိုင်ခွင့်ရော နေထိုင်စားသောက်မှု ကုန်ကျစရိတ် ဒီပြဿနာတွေတော့ ရှိတာပေါ့ ခုချိန်ထိအောင်။ အလုပ်လာအပ်တဲ့ အလုပ်သေးသေးမွှားမွှားတွေတော့ ဝင်ငွေအတွက် လိုက်လုပ်တာတော့ ရှိတယ်။ ဘာသာပြန်တဲ့ အလုပ်မျိုးတွေ၊ နောက်ပြီး ပုံစံငယ် ဆေးခြယ်တာတွေတော့ လက်ရှိလုပ်ဖြစ်နေတယ်”လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပရောက်လာပေမဲ့ အချိန်ပိုင်းလုပ်ကိုင်နေရတာကြောင့် ဘယ်အချိန် ရဲလာစစ်မလဲ စိုးရိမ်ရနေကြရပြီး  ငွေကြေးလျော့ပေါ့ပေးတာတွေကိုလည်း ကြုံတွေ့နေရပါတယ်။

ကိုလင်းလင်းက “မြန်မာဆိုရင်ပေါ့ သိတယ်မလား၊ နိုင်ငံကလည်း မကောင်းတော့ ပိုပြီးနှိမ်ချင်ကြတယ်ဗျာ။ လစာနှိမ်တာတို့ အချိန်ပိုင်းလုပ်အားခ ပုံမှန်ပေးတာထက် နည်းနည်လျော့တာတို့ ရှိတာပေါ့။ အဲဒါတော့ အခက်အခဲကြုံရပါတယ်"လို့ ပြောပါတယ်။

မြန်မာနိုင်ငံအခြေအနေအရ လွတ်မြောက်ဒေသကို ခိုလှုံကြသူတွေ၊ ပြည်ပမှာ ရှင်သန်ရတာတွေမှာ အခက်အခဲတွေရှိနေတာကြောင့် စိုးရိမ်ပူပန်မှုတွေမြင့်တက်နေရတာပါ။

ကိုအောင်ကျော်က “မြန်မာနိုင်ငံရဲ့ တပ်သားစုဆောင်းတဲ့ကိစ္စတွေကလည်း ပိုပြီးတော့ များလာတယ်။ ပိုတင်းကျပ်လာတယ်။ နောက်ပြီးတော့ ဥပဒေမဲ့ ဖမ်းဆီးတာတွေ များလာတယ်။ လူငယ်တွေက ကျနော် ထွက်လာချိန်မှာ လွတ်မြောက်ဒေသသွားတာ ရှိတယ်။ နိုင်ငံခြား ထွက်လာသူတွေလည်း ရှိတယ်။ ဘာဖြစ်ဖြစ်ဆိုပြီး ထွက်လာတာပေါ့။ အလုပ်အကိုင်အာမခံချက် မရှိဘဲထွက်လာတော့ ခုနပြောတဲ့ ပြဿနာတွေကို အဓိက ရင်ဆိုင်နေရတယ်။ ပြည်ပ ထွက်လာသူတွေရဲ့ အခက်အခဲပေါ့။ စစ်ကောင်စီအတွက် အင်အားဖြစ်မသွားဖို့ဘဲ အဓိက ပြောချင်တယ်ပေါ့နော်”လို့ ပြောပါတယ်။

ခုလက်ရှိမှာ စစ်ကောင်စီတပ်က ပြည်ပထွက်ခွာခွင့်တွေကိုပါ ကန့်သတ်ပိတ်ပင်လိုက်ပြီး စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေ အပါအဝင် အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့အတွက် အမည်စာရင်းနဲ့တကွ ခေါ်ယူဖို့တွေ ပြင်ဆင်နေတာကြောင့် မလုံခြုံမှုတွေကို ခံစားနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013