DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ကြေညာချက်ကို စစ်ကောင်စီတပ်ကချိုးဖောက်ပြီး ကချင်၌ လေကြောင်းတိုက်ခိုက် 
DVB
·
April 4, 2025
အပစ်ရပ်ကြေညာချက်ကို စစ်ကောင်စီတပ်ကချိုးဖောက်ပြီး ကချင်၌ လေကြောင်းတိုက်ခိုက် 
Donate to DVB

စစ်ကောင်စီက အပစ်ရပ်ကြေညာထားပေမဲ့ ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးတာတွေ ဆက်လုပ်နေပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို စာနာတာကြောင့်နဲ့ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး ဧပြီ ၂ ရက် ကနေ ၂၂ ရက် အထိ ယာယီအပစ်ရပ်စဲရေးကာလ သတ်မှတ်တယ်လို့ စစ်ခေါင်းဆောင် ဘန်ကောက်ထိပ်သီးအစည်းအဝေးမသွားခင် စစ်ကောင်စီက  ဧပြီ ၂ ရက်မှာ  ကြေညာခဲ့တာပါ။

ဒီလိုကြေညာထားပေမဲ့ ကချင်ပြည်နယ်မှာတော့ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေတယ်လို့  KIO သတင်းပြန်ကြားရေးဘက်က ပြောပါတယ်။

အပစ်ရပ်ကြေညာပြီး နောက်ရက်ဖြစ်တဲ့ ဧပြီ ၃ ရက်မှာ ဗန်းမော်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကို တနေကုန်ပြုလုပ်ခဲ့တယ်လို့  KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် အင်းတော်လေးဘက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့သလို ဝိုင်းမော်မြို့နယ်မှာ လည်း စစ်ကြောင်း ၃ ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့ပြီး လေကြောင်းကနေတိုက်ခိုက်တာ၊  လက်နက် ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက "ပစ်ခတ်ရပ်စဲရေးထုတ်ပြန်ချက်ကတော့ စကစဘက်က ထုတ်ပြန်တာဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့တန်းက သူတို့ရဲ့ စစ်ကြောင်းတွေကတော့ လိုက်နာမှုမရှိဘဲနဲ့ အခုလိုမျိုးတိုက်ပွဲတွေ ဖော်ဆောင်တာဖြစ်ပါတယ်။ ဒါက စည်းကမ်းဖောက်ဖျက်တဲ့ သဘောလည်းဖြစ်ပါတယ်"လို့ ပြောပါတယ်။

အပစ်ရပ်ကြေညာထားတဲ့ ကာလအတွင်း လက်နက်ကိုင်အင်အားစုတွေအနေနဲ့ အများပြည်သူ အသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်တိုက်ခိုက်တာတွေမလုပ်ဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်ဖျက်စီးတာမလုပ်ဖို့၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေနဲ့ တပ်မဟာဌာနတွေကို တိုက်ခိုက်တာတွေမလုပ်ဖို့၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာတွေမလုပ်ဖို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာပါဝင်ပါတယ်။

နောက်ဆုံးအချက်ဖြစ်တဲ့ အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာတွေ မလုပ်ဖို့ဆိုတဲ့အချက်ဟာ တော်လှန်ရေးအင်အားစုတွေတင်မက စစ်ကောင်စီဘက်ကပါ လိုက်နာရမယ့်အချက်လို့လည်း KIO ဘက်က သတိပေးပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက "သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာပါတဲ့ နံပါတ် ၄ အချက်ကတော့ ကျနော်တို့ လက်နက်ကိုင်တွေ တိုင်းရင်းသားအဖွဲ့တွေသာ လိုက်နာရမှာမဟုတ်ဘဲနဲ့ စကစဘက်ကလည်း လိုက်နာရမယ့် အချက်ဖြစ်ပါတယ်။ ဒါကို သူတို့ မလိုက်နာတာကို တွေ့ရပါတယ်။ အခုထပ်ပြီးတော့မှလည်း အဲဒီနံပါတ် ၄ အချက်ကို လိုက်နာမလိုက်နာကတော့ ကျနော်တို့ ဆက်ပြီးမှ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။ 

စစ်ကောင်စီဘက်က အပစ်ရပ်ကြေညာခဲ့ပြီးတဲ့နောက်မှာ ကချင်ဒေသအပြင် TNLA ထိန်းချုပ်နယ်မြေတွေမှာ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတာကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိနေပါတယ်။

မတ် ၂၈ ရက်ကနေ ဧပြီ  ၃ ရက်အထိ ၆ ရက်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ်အထိပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၈ ယောက်အထိ သေဆုံးခဲ့ပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013