
ထိုင်းနိုင်ငံမှာ BIMSTEC ထိပ်သီးအစည်းအဝေးတက်ဖို့ ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းလှိုင်အောင်ကို ဖမ်းဆီးနိုင်ရေး အာဂျင်တီးနားတရားရုံးက တဆင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) ထံ ရိုဟင်ဂျာအဖွဲ့က စာပို့တောင်းဆိုထားကြောင်း သိရပါတယ်၊
ဧပြီ ၄ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) အစည်းအဝေးတက်ရောက်ဖို့ မြန်မာ စစ်ခေါင်းဆောင်က ဘန်ကောက်ကို ရောက်ရှိနေတာဖြစ်ပြီး အင်တာပိုလ်အနေနဲ့ ဖမ်းဆီးပေးဖို့ တရားရုံးက တဆင့် တိုက်တွန်းထားကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း BROUK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က DVB ကို ပြောပါတယ်။
“ကျနော်တို့ကတော့ အာဂျင်တီးနား တရားရုံးကို ဆက်သွယ်ပြီးတော့ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ ထိုင်းခရီးစဉ်ကို ပြောပြပြီးတော့ သူတို့အမြန်ဆုံး ဧပြီ ၁ ရက်မှာ အင်တာပိုလ်ကို ပို့လိုက်တယ်။ ဖမ်းဝရမ်းကိစ္စ အရေးယူဖို့အတွက် ကျနော်တို့ကတော့ အင်တာပိုလ်ကို တွန်းနေတယ်၊ ဘယ်လိုလုပ်မယ်ဆိုတာတော့ ကျနော်တို့ မသိရသေးဘူးပေါ့။ အဓိက အင်တာပိုလ်က အကောင်အထည်ဖော်ဖို့ လိုပါမယ် ” လို့ ပြောပါတယ်။
ဒီကနေ့ ဧပြီ ၄ ရက်မနက်ပိုင်းမှာ ဘန်ကောက် ကျောက်ဖရားမြစ်ပေါ်က တံတားတစင်းပေါ်မှာ “လူသတ်ကောင် မင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” “We Do Not Welcome, Murderer Min Aung Hlaing” စာတန်းကို ချိတ်ဆွဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းရောက် မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူ တယောက်က “ဒီလိုအစည်းအဝေးတခုကို ဘာလို့ မင်းအောင်လှိုင်ကို လူသိထင်ရှားဖိတ်တာလဲ၊ ထိုင်းအစိုးရက ဘာလို့ ဒီလိုမျိုးတွေလုပ်နေတာလဲ၊ အထူးသဖြင့် မင်းအောင်လှိုင်ဆိုတာ ရာဇဝတ်မှုတွေကို ထပ်ခါထပ်ခါ ကျူးလွန်ခဲ့တယ်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်၊ ဒီလိုလူကို ဘာလို့ ဖိတ်တာလဲ၊ ထိုင်းကရော မြန်မာကရော လူ့အခွင့်အရေးလှုပ်ရှားသူတွေ ပြည်သူတွေက ဒီလောက်ကန့်ကွက်နေတဲ့ကြားထဲက ဖိတ်တယ်၊ သူ့လက်က သွေးစွန်းနေတာကို လက်ဆွဲနှုတ်ဆက်ပြီး ဒီလိုနေရာပေးတာကို ကျမတို့အနေနဲ့ တော်တော်ကို စိတ်ပျက်စရာကောင်းတယ်လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်၊
ထိုင်းနိုင်ငံက အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံတခုဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဆီးခွင့်ရှိနေတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ ထိုင်းရောက် မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ မြန်မာ့အရေးကူညီနေတဲ့ ထိုင်းနိုင်ငံသားတွေက ဖမ်းဆီးဖို့အရေး တောင်းဆိုဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်နေကြပါတယ်။