DVB Logo
Home
မြန်မာသတင်း
DVB အပါအဝင် မီဒီယာ ၅ ခုကို အမှုဖွင့်ပြီး အင်တာပိုလ်ထံ ဖမ်းခိုင်းထားဟုဆို
DVB
·
October 8, 2026
Photo: Pyithu Hluttaw
Photo: Pyithu Hluttaw
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ DVB သတင်းဌာနအပါအဝင် ပြည်ပရောက်မီဒီယာ ၅ ခုကို ပြည်တွင်းမှာ အမှုတွေဖွင့်ထားသလို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ထံ ဖမ်းဆီးခိုင်းထားကြောင်း စစ်အာဏာရှင် လက်အောက်ခံ ပြည်ထဲရေးဒု၀န်ကြီး ဗိုလ်ချုပ်မင်းသူက ပြောလိုက်ပါတယ်။ 

အောက်တိုဘာ ၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သင်္ဃန်းကျွန်းမြို့နယ်က ကြံ့ခိုင်ရေးပါတီလွှတ်တော်အမတ် ဒေါ်သန်းသန်းအေးရဲ့ မေးခွန်းမေးမြန်းမှုကို ပြန်ဖြေကြားလိုက်တာပါ။

ပြည်ပနိုင်ငံတွေကနေ ပြည်တွင်းအုပ်ချုပ်ရေးယန္တရား ပျက်ပြားစေဖို့ လုပ်ဆောင်နေတဲ့ CRPH၊ NUG၊  PDF အဖွဲ့ဝင်တွေ၊ ဒီအဖွဲ့တွေကို ငွေကြေးထောက်ပံ့သူတွေ၊ Myanmar Now ၊ ခေတ်သစ်၊ Mizzma ၊ DVB နဲ့ ဧရာဝတီသတင်းဌာနတွေကို သက်ဆိုင်ရာရဲစခန်းတွေနဲ့ တရားရုံးတွေမှာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ (၅၀၅) က၊ ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ မတရားသင်းအက်ဥပဒေပုဒ်မ ၁၇(၁)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၀(ည) တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထဲရေးဒု၀န်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။

ကြံ့ခိုင်ရေးအမတ် ဒေါ်သန်းသန်းအေးက ပြည်ပနိုင်ငံတွေသို့ ရောက်ရှိခိုလှုံနေတဲ့ စစ်တပ် ဆန့်ကျင်သူတွေ၊ နိုင်ငံတည်ငြိမ်ရေး ထိခိုက်စေဖို့ ရည်ရွယ်ပြီး သတင်းတု၊ သတင်းမှား ဖြန့်ဝေတာ၊ အကြမ်းဖက်လုပ်ရပ်တွေ ထောက်ခံအားပေးတာ၊ ငွေကြေးနဲ့ အကူအညီတွေပေးသူတွေကို ဖမ်းဆီးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကို  မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ပြည်ထဲရေးဒုဝန်ကြီးကတော့ တရားခံလွှဲပြောင်းရေးမှာ ကျနော်တို့နိုင်ငံက တရားဝင် လက်မှတ်ရေးထိုးထားတာ မရှိပေမဲ့ ၂၀၁၇ ခုနှစ်မှာ ချုပ်ဆိုထားချက်အရတော့ နိုင်ငံအလိုက်မှာတော့ ဆောင်ရွက်နေတယ်။ ဒီလိုအခြေအနေအရ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေမှာ အရေးကြီးတဲ့ တရားခံတွေကို သက်ဆိုင်ရာနိုင်ငံတွေနဲ့ သူ့နိုင်ငံရဲ့ နိုင်ငံရေးသဘောထားပေါ် မူတည်ပြီး ချိတ်ဆက်ဆောင်ရွက်ရတာလို့ ဗိုလ်ချုပ်မင်းသူက ဖြေကြားပါတယ်။

ပြည်ပနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့် နိုင်ငံခြားဝန်ကြီးဌာနကို တင်ပြထားမှုတွေအရ စစ်အာဏာရှင်အစိုးရအား ဆန်ကျင်သူတွေ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ခိုလှုံသူ ၁,၃၄၁ ယောက်ရှိပြီး သူတို့ နိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်တာ၊ အမည်ပျက်စာရင်းထည့်တာနဲ့ စောင့်ကြည့်ရေးစာရင်းမှာ ထည့်သွင်းတာတွေ တဆင့်ချင်း လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး DVB နဲ့ မဇ္ဈိမသတင်းဌာနတို့ရဲ့  မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ Free-to-Air ရုပ်သံချန်နယ်တွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

မတ် ၈ ရက်နေ့မှာ စစ်အာဏာရှင်လက်အောက်ခံ ပြန်ကြားရေး၀န်ကြီးဌာနက DVB သတင်းဌာန အပါအဝင် သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့် ရပ်ဆိုင်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013